NUG အတွက် ရီပို့ကတ်

by Hla Soewai - Sep 11 2022

The Diplomatic တွင် ရေးသားခဲ့သော ‌ဆောင်းပါးရှင် Phillip Annawitt သည် အာဏာသိမ်းပွဲ မတိုင်မီ အစိုးရနှင့် လွှတ်တော်ကို ဒီမိုကရေစီ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အကြံပေးခဲ့သည့် ကျွမ်းကျင်သူ တဦးဖြစ်ပြီး သူရေးသား ထားသည်ကို ပြန်ဆိုခြင်း ဖြစ်သည်။

 

မြန်မာပြည် အကြောင်း လေ့လာနေသူများ အနေနှင့် ယခင်က အင်အားကြီးမားလှသည် ဟု ယူဆထားခဲ့သော စစ်တပ်အား တော်လှန်ရေး တပ်ဖွဲ့များက ရိုက်ချိုး ချေဖျက်လာနိုင်သည် ကို တဖြေးဖြေး နှင့် သဘောပေါက် လာခဲ့ကြပြီ ဖြစ်သည်။ စစ်တပ်၏ အုပ်ချုပ်လာမှု မှတ်တမ်းသည် စိတ်ပျက်စရာ ကောင်းလောက်အောင် ဆိုးဝါးလာနေပြီး နိုင်ငံ၏ အစိတ်အပိုင်း အတော်များများကို လက်လွှတ်ဆုံးရှုံး ခဲ့ကြရလေသည်။

 

ထို့အတွက် ကမ္ဘာတဝှမ်း ဩဇာတက္ကိမ ရှိလှသော အီကော်နောမစ် မဂ္ဂဇင်းကြီးမှ အမျိုးသား ညီညွတ်ရေး အစိုးရအား နိုင်ငံတကာ မှ အသိအမှတ်ပြုရေး ကို ထောက်ခံရေးသားလာပြီး အကူအညီပေးရန် ထိုက်တန်သည့် အဖွဲ့အစည်း အဖြစ် ပြောဆိုလာခဲ့သည်။

 

ထိုသို့ အခြေအနေများ ဖြစ်ပေါ်လာနေ၍ NUG သည် တိုင်းပြည်ကို အုပ်ချုပ်နိုင်မည်လောဟု မေးခွန်း ထွက်ပေါ် လာခဲ့ရသည်။ ထို့ကြောင့် မိမိသည် ဒီမိုက‌ရေစီ နှင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေး အင်စတီ ကျု International Institute for Democracy and Electoral Assistance (International IDEA) မှ NUG ၏ စွမ်းဆောင်ရည် နှင့် လိုအပ်ချက် စစ်တမ်း ထုတ်နိုင်ရန် အဖွဲ့တဖွဲ့ကို ဦးဆောင်၍ NUG ၏ မဟာဗျူဟာ နှင့် စပ်လျှင်း၍ ထုတ်ပြန်ကြေညာချက်များ လေ့လာခြင်း၊ ဝန်ကြီးဌာန ပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးစုများ နှင့် ဆက်သွယ် မေးမြန်းခဲ့ခြင်းများ၊ မြေပြင် အနေအထား ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ ထွက်ပေါ်လာသည့် သုံးသပ်ချက်များအရ အဖြေသည် လက်ရှိ ညီညတ်မှု နှင့် တစိတ်တဝမ်းတည်း ရှိနေမှုကို သာ ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဆိုလျှင် ၊ ပြည်ပမှ ထောက်ခံအားပေးမှုကို ရရှိနိုင်မည် ဆိုလျှင် #အုပ်ချုပ်နိုင်စွမ်း ရှိသည်ဟု ပြောလိုပါသည်။

 

အစိုးရ အဖွဲ့ ဟု အသိအမှတ် ပြုနိုင်ရန် ဘာတွေ လိုအပ်နေသနည်း ဟူသော မေးခွန်းကို ဆွေးနွေးလိုပါသည်။ အကယ်၍ ကျွန်တော်တို့သည် ဆယ့်ကိုးရာစု နှစ် အတွင်း ဆက်၍ရှိနေဦးမည် ဆိုလျှင်တော့ နယ်မြေကို ထိန်းချုပ်နိုင်ရမည်၊ လူထု၏ ထောက်ခံမှု ရှိရမည်၊ မိမိတို့ ဖြစ်စေချင်သည်များကို လိုအပ်လျှင် အင်အားသုံး ပြဋ္ဌာန်းနိုင်စွမ်း ရှိရမည်၊ ထို့အပြင် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အခြေခံ လူ့အခွင့်အရေး များကို ကာကွယ်ပေးနိုင်ရမည်၊ စွမ်းဆောင်နိုင်မှု အပိုင်းတွင်လည်း ပညာရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေး၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု များ ပေးနိုင်ရမည်။

 

နှစ်ဆယ့်တစ်ရာစု အစောပိုင်းတွင် နိုင်ငံတကာ မှ Responsibility to Protect (R2P) ကို ပြဋ္ဌာန်းလာခဲ့ပြီး အစိုးရတရပ်သည် ၎င်းတို့ ပြည်သူများကို ဘေးရန် အန္တရာယ်များမှ ကာကွယ်ပေးရမည်ဆိုသည့် မူပေါ် အခြေခံ ခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိ အနေအထားကို အခြားလူများ မဆိုထားဘိ၊ စစ်တပ်ဖက်မှ ကာကွယ်ပြောဆိုနေသူများပင် လူထုကို ကာကွယ်ပေးနိုင်စွမ်း ရှိပါသည်ဟု မပြောနိုင်တော့၊ ထိုသို့ ထောက်ခံပြောဆိုနေသူများက စစ်တပ်ကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ သူတို့မှ လွဲ၍ အခြား မည်သည့် အဖွဲ့အစည်းမှ အုပ်ချုပ်နိုင်စွမ်း မရှိတော့ဟု ပြောလာကြပြန်သည်။ ကျွန်တော်တို့၏ စစ်တမ်းများအရ ထိုအပြောသည် မှားယွင်းနေသည်ကို သိလာခဲ့ရသည်။

 

NUG သည် ယခုအခါ နိုင်ငံနယ်မြေ အတော်များများကို ထိန်းချုပ်လာနိုင်ကာ ပြည်သူ အများစု၏ ထောက်ခံမှုကို ရရှိလာနေပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများ အတွက် လုံခြုံရေး၊ တရားစီရင်ရေး အပိုင်းများကို ဖေါ်ဆောင်နိုင် ခဲ့သည်။

 

NUG သည် ဒီမိုကရေစီ ကြားကာလ အတွက် အုပ်ချုပ်ရေး အာဏာကို ရယူထားသည့် အစိုးရ မျိုး ဖြစ်သည်။ နိုင်ငံတဝှမ်းရှိ နိုင်ငံရေး နှင့် စစ်ရေး အင်အားစုများကို ကိုယ်စားပြုလာနိုင်ခဲ့သည်။

 

NUG သည် နယ်မြေများကို ထိန်းချုပ်နိုင်သည်ဟု ဆိုလိုခြင်းမှာ စစ်တပ်ကို ဝင်မလာအောင် ထိန်းချုပ်နိုင်ခြင်းကို မဆိုလိုဘဲ ထိထိရောက်ရောက် အုပ်ချုပ် စီမံကွပ်ကဲနိုင်ခြင်း၊ ဒေသခံများ၏ ထောက်ခံမှုကို တခဲနက် ရရှိနေခြင်း များကို ဆိုလိုခြင်း ဖြစ်သည်။ ထိုဒေသများတွင် NUG နှင့် ဆက်စပ်နေသော အဖွဲ့အစည်းများက ဗဟို အုပ်ချုပ်မှု အာဏာရယူထားပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များက အစဉ်အလာ လုပ်ထုံးလုပ်နည်းများ အတိုင်း နယ်မြေများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဗဟို နှင့် တိုင်းရင်းသားများ အကြား NUCC က တာဝန်ယူ ညှိနှိုင်းပေး လျှက် ရှိသည်။ ထို့အတွက် အနာဂတ် ဖက်ဒရယ် အုပ်ချုပ်ရေး စနစ်၏ အမြူတေ အင်္ဂါရပ် များကို တွေ့လာခဲ့ ရသည်။

 

ဒေသခံ အုပ်ချုပ်ရေး အဖွဲ့များက NUG ၏ ပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်ရိုက် အစီရင်ခံရသည်။ လိုအပ် သည်များ ကို ဗဟိုမှ ပြန်လည် ဖြည့်ဆည်းပေးနိုင်မှုများ တခါတရံတွင် ရှိလာခဲ့သည်။ အဓိက ရာဇဝတ်မှုကြီးများ အား စုံစမ်းစစ်ဆေး အရေးယူရန် ရဲတပ်ဖွဲ့လည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။ ဒေသတွင်းရှိ NUG တပ်များ ကဲ့သို့ စစ်ဆင်ရေး နှင့် မဆိုင်သော လုံခြုံ‌ရေး နှင့် ကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့ နယ်မြေ အတွင်းရှိ ပြည်သူများကို လူသတ် မြေလှန်ဝါဒ ကျင့်သုံးနေသော စစ်တပ်ရန်မှ ကာကွယ်ပေးလျှက် ရှိသည်။

 

NUG နှင့် တိုင်းရင်းသားများက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများ အတွက် ပညာ‌ရေး၊ ကျန်းမာရေး နှင့် လိုအပ် သည်များကို ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။ ကျောင်းဆရာ ဆရာမများ အတွက် နေထိုင်မှု စရိတ်ကိုပင် ထုတ်ပေးလာ ခဲ့သည်။ ထိုကျောင်းများက NUG ပညာရေး ဝန်ကြီးဌာန ကို အစီရင်ခံ တင်ပြရသည်။

 

#NUG ဗဟို၏ ညှိနှိုင်းဆောင်ရွက်မှု၊ လူထု အတွက် အရင်းအမြစ်များ ခွဲဝေ စီမံခန့်ခွဲမှု နှင့် နိုင်ငံခြားရေး မူဝါဒ

 

ထိုအပိုင်းသည် နည်းပညာ ပိုင်း နှင့် သက်ဆိုင်နေသော်လည်း အရေးကြီးမှု တွင် တန်းတူပင် ဖြစ်သည်၊ NUG အစိုးရ အဖွဲ့ဝင်များသည် ပြည်တွင်း ပြည်ပတွင် နေထိုင်လျှက် ရှိသော်လည်း ဝန်ကြီး အဖွဲ့ အစည်းအဝေးကို အပတ်စဉ် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေးကြသည်။ ဗဟိုတွင် အခြေပြုထားသော ဝန်ကြီးချုပ်ရုံး နှင့် သမ္မတ ရုံးမှ ပေါ်လစီများ ရေးဆွဲခြင်း၊ ရံပုံငွေများ ခွဲဝေ ချမှတ်ပေးခြင်း၊ ဝန်ကြီးဌာန အသီးသီး၏ နှုတ်ဖြင့်သော်၎င်း၊ စာဖြင့်သော်၎င်း အစီရင်ခံမှုများ လက်ခံခြင်း တို့ ပြုလုပ်ပြီး စီစစ် သုံးသပ်ကာ မူဝါဒ များကို ပြန်လည် သုံးသပ် ခဲ့ကြသည်။ NUG ၏ စီမံဘဏ္ဍာ ဝန်ကြီးဌာနမှ ဆန္ဒအလျှောက် ထည့်ဝင်သော အခွန်ငွေများ ကောက်ခံပြီး ငွေတိုက်စာချုပ်များ ထုတ်ပေးခဲ့သည်။ အခွန်ငွေ ကောက်ခံခြင်း နှင့် အသုံးစရိတ်များ ချပေးသည့် အပိုင်းတွင် စစ်တပ်မှ ဘဏ္ဍာရေး စနစ်တခုလုံး ထိန်းချုပ်ထားသဖြင့် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ပေးခဲ့သည်။ ဘတ်ဂျက်နှင့် အသုံးစရိတ်များကို NUG စီမံဘဏ္ဍာ ဝန်ကြီးဌာနသို့ လစဉ်အစီရင်ခံစာ ပြန်လည်တင်သွင်းရသည်။

 

နိုင်ငံတကာ၏ အသိအမှတ်ပြုမှု များ ရှိလာတော့မည် ဖြစ်၍ ပြည်ပတွင်လည်း ငွေစာရင်း များ ဖွင့်လှစ်ပြီး အသုံးစရိတ်များ စီမံခန့်ခွဲမှု များကို အဆင့်ဆင့် တည်ဆောက်ထားပြီး ဖြစ်သည်။

 

NUG တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ရှိနေပြီး ဖြစ်သည့်အပြင် အရေးပါသော နိုင်ငံများတွင် ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်ထားနိုင်ခဲ့သည်။ အထူးသဖြင့် မိတ်ဆွေနိုင်ငံများ ဖြစ်သော ဥရောပရှိ နိုင်ငံအချို့တွင် မြန်မာ နိုင်ငံသားများ အတွင် ကောင်စစ်ဝန် အလုပ်များ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပြည်ပမှ အသိအမှတ် ပြုလာ သည့်အထိ ကြားကာလ လုပ်ငန်းများကို ယာယီ တာဝန်ယူပေးနေခြင်း ဖြစ်သည်။

 

ငွေစာရင်းများ ပိုင်းတွင် တာဝန်ခံမှု ရှိရန် စာရင်းစစ်ချုပ်မှ တာဝန်ယူ ကြီးကြပ်စစ်ဆေးပေးနေသည်။ ဥပဒေပြု အဖွဲ့ ဖြစ်သော ပြည်ထောင်စု လွှတ်တော်သည် သုံးလတကြိမ် ပုံမှန် အစည်းအဝေး ခေါ်ယူ နိုင်ခဲ့သည်။ လွှတ်တော်မှ NUG ၏ လုပ်ငန်းဆောင်တာများ၊ ဝန်ကြီးဌာန အသီးသီး၏ အစီရင်ခံစာများ အပေါ် ဆွေးနွေး ခဲ့ကြသည်။

 

NUG သည် ဘဏ္ဍာရေး တွင် ပြည်ပရောက် နိုင်ငံသားများ၏ ပံ့ပိုးမှုကို အဓိက အမှီပြုနေရဆဲ ဖြစ်သည်။ ဝန်ကြီးများသည်လည်း လစာတပြားတချပ်မှ မရသည့်အပြင် အခြား ထောက်ပံ့ပေးမှုများလည်း မရှိပေ။ ဝန်ကြီးဌာန ဝန်ထမ်းများ အားလုံးသည် ဗော်လန်တီယာ များ ချည်းသာ ဖြစ်သည်။

 

#NUG သည် ခက်ခဲနက်နဲသော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်နေပြီး အောင်မြင်ရန် အခွင့်အလမ်း များ ရှိနေပြီ ဖြစ်သည်။

 

ကမ္ဘာကြီးမှ တုံဏှိဘာဝေ ဖြစ်နေချိန်တွင် မြန်မာပြည်၏ အနာဂတ်သည် ရုပ်လုံးကြွလာနေပြီ။ NUG နှင့် NUCC သည် နိုင်ငံအား ဗဟိုချုပ်ကိုင်မှု ဖြေလျော့ထားသည့် အာဏာ ခွဲဝေကျင့်သုံးမှု ရှိမည့် လစ်ဘရယ် ဒီမိုကရေစီ စနစ် ဖေါ်ဆောင်ရေး၊ အခြေခံ လူ့အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များ အာမခံ နိုင်မည့် အသွင်ကူးပြောင်း ရေးကာလ ဖက်ဒရယ် ဖွဲ့စည်းပုံ ပေါ်ပေါက်ရေး လမ်းကြောင်းကို လျှောက်လှမ်းနေသည်။ ထိုလမ်း၏ အဆုံးတွင်တော့ တိုင်းပြုပြည်ပြု လွှတ်တော်မှ အတည်ပြုမည့် ဖွဲ့စည်းပုံကြီး မြင်လာရတော့မည် ဖြစ်သည်။

 

NUG မှ ဗဟိုချုပ်ကိုင်မှု များလွန်းသည်ဟု တိုင်းရင်းသားများဖက်က ပြောဆိုနေမှုများ ရှိသော်လည်း လောလော ဆယ်တွင် ထိရောက်စွာ အုပ်ချုပ်သွားနိုင်မည့် တခုတည်းသော နည်းလမ်း ဖြစ်နေ၍ ဟု NUG မှ ပြန်လည် ဖြေရှင်းလျှက် ရှိသည်။ ထိုကဲ့သို့ သဘောထား ကွဲလွဲချက်များ ကို NUCC မှ ဝင်ရောက် ဖြေရှင်းပေးရန် လိုအပ် နေသည်။

 

#အကျဉ်းချုပ် တင်ပြရလျှင် NUG သည် အုပ်ချုပ်ရန် အဆင်သင့် ဖြစ်နေပြီ၊ ကမ္ဘာမှ လက်ခံဖို့ အဆင်သင့် ဖြစ်ပြီလော။

 

NUG သည် နိုင်ငံတကာ ထုံးတမ်းများအရ အစိုးရ အဖွဲ့တဖွဲ့ တွင် ရှိသင့်သော အင်္ဂါရပ်များ ပြည့်စုံနေပြီ ဖြစ် သည်။ နယ်မြေ အတော်များများကို ထိန်းချုပ်ထားနိုင်ပြီး ဝန်ဆောင်မှု နှင့် လုံခြုံရေးရာများကို ပံ့ပိုးပေးနိုင်ပြီ ဖြစ်သည်။ ကမ္ဘာကြီးက အဘယ်ကြောင့် လှုပ်မလာနိုင် ဖြစ်နေရသနည်း။ ယူကရိန်းစစ်ပွဲ သည် အကြောင်းတရာ တခု အဖြစ် ပါဝင်နေသော်လည်း အဓိကကျသည့် နေရာတွင် မရှိဟု ယုံကြည်သည်။

 

အဓိက အချက်မှာ တရုတ် နှင့် အမေရိကန်တို့ ထိတ်တိုက် တွေ့လာမည့် အရေးကြောင့်ပင် ဖြစ်သည်။ ဤသည် ကလည်း အခက်အခဲတခု ဖြစ်လာနိုင်စရာ မရှိ၊ NLD သည် တရုတ်၏ မိတ်ဆွေ ဖြစ်ပြီး အနောက်၏ လက်ပါးစေ အဖွဲ့ မဟုတ်၊ NUG သည် လွတ်လပ်သော နိုင်ငံခြား‌ရေး မူဝါဒကို ကျင့်သုံးသွားမည်ဟု ထပ်လောင်း အတည်ပြုခဲ့ ပြီး ဖြစ်သည်။

 

တရုတ်သည် NLD နှင့် ဆက်ဆံနေသော်လည်း NUG နှင့် ပတ်သက်ရန် ငြင်းဆန်လျှက် ရှိနေဆဲပင် ဖြစ်သည်။ သို့သော် မြန်မာအရေး နှင့် ပတ်သက်၍ တရုတ် နှင့် အမေရိကန် အကြား နှစ်ဖက် အကျိုးရှိရာ ရှိကြောင်း နားလည်မှု တစုံတရာ ရရှိနိုင်ခဲ့မည် ဆိုလျှင် အနေအထားများ လုံးဝပြောင်းလဲ သွားပေလိမ့်မည်။

 

နိုင်ငံတကာမှ ဖြန်ဖြေလိုသူများ၊ သံတမန်များသည် စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ်ပြုသည့် သဘော မသက်ရောက်အောင် NUG နှင့် ထိတွေ့ဆက်ဆံဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

NUG သည် မြန်မာပြည်အား ဘော်လကန်လို ဖြစ်မသွားအောင် ရေရှည် တည့်တံ့မည့် အစီအစဉ်များ ချမှတ် လုပ်ဆောင်နေပြီ ဖြစ်၍ ကမ္ဘာကြီး အနေဖြင့် ဆင်ခြေပေးစရာများ တဖြေးဖြေး ကုန်ခမ်းလာနေသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

 

Image credit – Republic World