ကုလ လူ့အခွင့်အရေး အဖွဲ့ကြီး၏ အပြင်းထန်ဆုံး ကြေညာချက်၊ မလေးရှားမှ ကုလ တွင် မြန်မာဖက်မှ ရပ်တည်သွားမည်ဟု ဆို

by Hla Soewai - Sep 19 2022

စက်တင်ဘာ ၁၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကုလ လူ့အခွင့်အရေး အဖွဲ့ကြီး ကြေညာချက်တွင် လက်ရှိ စစ်အုပ်ချုပ်ရေး အဖွဲ့သည် ရေရှည်တည်တံ့အောင် အုပ်ချုပ်သွားနိုင်စွမ်း မရှိသည့်အပြင် လက်ရှိ ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်းကြီးအားလည်း ဖြေရှင်းနိုင်ခြင်း မရှိသည်ကို တွေ့ရ၍ ၎င်းတို့အား ထပ်မံ၍ ဝိုင်းပယ်ထားရန် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

 

ထိုကြေညာချက်သည် ထုတ်ပြန်သမျှ ထဲတွင် စကားလုံး အသုံးအနှုံးအားဖြင့် အပြင်းထန်ဆုံးဟု ယူဆရပေသည်။

 

နိုင်ငံတွင်းရှိ လူထုအားလည်း ဖိနှိပ်ပြီး အကြောက်တရား ဖြစ်ပေါ်လာအောင် အုပ်ချုပ်နေ၍ ၎င်းတို့ လက်ဝယ်သို့ လက်နက်များ မရောက်ရှိရေး နှင့် ဝင်ငွေ များ ရရှိနိုင်မည့် အရေး မှန်သမျှ ကို ပိတ်ဆို့သွားရန် လည်း နိုင်ငံတကာ သို့ ပန်ကြားလိုက်သည်။

 

ခုခံနေကြရသည့် မြန်မာပြည်သူများအား ထောက်ခံမှု ပေးနိုင်မည့် နည်းလမ်းများကိုလည်း ရှာကြံ ပံ့ပိုးသွားရန်လည်း တောင်းဆိုလိုက်သည်။

 

ယခုအခါ ရခိုင်ပြည်နယ်အတွင်း ရခိုင်တပ်တော် AA နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေပြီး ဘင်္ဂလားဒေ့ရှ် နယ်မြေ အတွင်းသို့ မော်တာ ကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၈ နှစ် အရွယ်ရှိ ရိုဟင်ဂျာ လူငယ်တဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိသွားသည့် သတင်းဆိုးကလည်း ကုလ အစည်းအဝေး စတင် ကျင်းပလုဆဲဆဲ အချိန်တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်သည် စက်တင်ဘာ ၄ ရက်နေ့ကလည်း ထိုသို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့မှုကို ကန့်ကွက်ခဲ့ပြီး ယခုအခါ လူသေဆုံးသည်အထိ ဖြစ်လာရမှု အပေါ် အပြင်းအထန် ကန့်ကွက်သွားမည်ဟု ဆိုသည်။

 

ထိုအရေးသည် ကုလသမဂ္ဂ အတွက် ခေါင်းခဲစရာ ဖြစ်လာနေရသည်၊ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို မဖြေရှင်းနိုင်သေးသည့် အပြင် တိုက်ပွဲများ ပြင်းထန်လာ၍ ရိုဟင်ဂျာ များ အလုံးအရင်း နှင့် တဖက် နိုင်ငံသို့ ထွက်ပြေးလာမည့် အရေး နှင့် ကြုံလာနေရပြီ ဖြစ်သည်။

 

ထွက်ပေါ်လာသော သတင်းများအရ ဘင်္ဂလားဒေ့ရှ် အစိုးရမှ မြန်မာ စစ်တပ်သည် ၎င်းတို့ ပြည်တွင်း တွင် ရင်ဆိုင်နေရသော အကျပ်အတည်းကို အာရုံလွှဲရန် တမင်သက်သက် ရန်စလာနေသည်ဟု ယုံကြည်နေသည်။ ဤသို့ဖြင့် မြန်မာ စစ်တပ်သည် ဒေသတွင်း တည်ငြိမ်ရေး ကို အကြီးအကျယ် ခြိမ်းချောက်လာနေပြီ ဖြစ်သည်။

 

AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ တွင် စစ်တပ်သည် မောင်းတောရှိ အခြေစိုက် စခန်း သုံးခု ကို နှစ်ပတ်အတွင်း လက်လွှတ်ခဲ့ရပြီး အကြီးအကျယ် အရေးနိမ့်လျက် ရှိနေသည်။ AA ၏ ထိုးစစ်ကို ဟန့်တားနိုင်ရန် လေကြောင်း မှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေရပြီး စစ်ကူ များ စေလွှတ်နေသော်လည်း ရပ်တန့်အောင် လုပ်နိုင်ခြင်း မရှိခဲ့ဟု သတင်းများက ဆိုသည်။ AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အဓိက ကျသည့် လမ်းများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ ထောက်ပို့ အတွက် ရေကြောင်းကို သာ အသုံးပြုနေရသည့် အခြေ ဆိုက်လာနေသည်။

 

လက်ရှိ စက်တင်ဘာ ၁၉ မှ ၂၆ ရက်အထိ နိုင်ငံအကြီးအကဲများ တက်ရောက်မည့် ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီး တွင် မိမိ တို့ နိုင်ငံမှ မြန်မာပြည်သူများ နှင့် အတူ ရပ်တည် ပြောဆိုသွားမည်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆိုက်ဖူဒင် အဗ္ဗဒူလာ က ၎င်း၏ ဖေ့စ်ဘုတ် ပို့စ်မှ ပုံနှင့် တကွ အသိပေးလိုက်ပြီ ဖြစ်သည်။

 

စက်တင်ဘာ ၁၉ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး၊ CRPH လွှတ်တော် ဥက္ကဌ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ နှင့် ကုလ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် နှင့် လက်ခံတွေ့ဆုံရန် စီစဉ်ထားသည်ဟု ဆိုသည်။

 

ထို့အပြင် နိုဝင်ဘာလ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ မြန်မာ အရေး နှင့် ပတ်သက်ပြီး ချမှတ်ထားသော အချက် ငါးချက်ကိုလည်း အလေးအနက် တိုက်တွန်းသွားမည်ဟု ဆိုသည်။

 

ယခုအခါ စစ်ကောင်စီ သည် နိုင်ငံ‌ရေး၊ စီးပွားရေး၊ စစ်ရေး နှင့် သံတမန်ရေး တို့တွင် အဖက်ဖက် မှ အရှုံးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ နေပြည်တော် အနီးတဝိုက်ရှိ ကျေးရွာ များ တွင် အရပ်သားများကို စည်းရုံးကာ လက်နက်တပ်ဆင် ပေးနေရပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီ အဖို့ အခြေ မလှ ဖြစ်လာလေလေ ၎င်းအား ထောက်ခံနေဆဲ ဖြစ်သည့် တရုတ် နှင့် ရုရှားတို့မှပင် ရှောင်ဖယ်လာတော့မည် ဖြစ်သည်။ ထိုအရေးက စစ်ကောင်စီ အတွက် အိမ်မက်ဆိုးကြီး ဖြစ်လာနေရပြီ ဖြစ်သည်။

 

ယခုအခါ အီးယူ၏ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ချက်သမ္မတနိုင်ငံမှ ရုရှားတပ်များ အိုင်ဇွန် မြို့တွင် ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ အား စုံစမ်းစစ်ဆေးရန် “နိုင်ငံတကာ အထူး တရားရုံး” ကို တည်ထောင်ရန် တောင်းဆိုလိုက်ပြီ ဖြစ်သည်၊ အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်မည် ဆိုက ကုလသမဂ္ဂနှင့် ယှက်နွယ်နေသော အိုင်စီစီ ကို ကျော်လွှားနိုင်မည် ဖြစ်သည်။

 

ဩစတေးလျှ၊ ဆွီဒင်၊ ထိုင်း၊ နယ်သာလန် အစရှိသော နိုင်ငံများ နှင့် ပြည်တွင်းရှိ လွတ်မြောက်နယ်မြေများမှ မြန်မာပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ကို တောင်းဆို ဆန္ဒပြခဲ့ကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!