ရဟတ်ယာဉ်များ နှင့် ရောက်လာတတ်သော လူဆိုးလူမိုက်များ

by Hla Soewai - Sep 21 2022

မင်းအောင်လှိုင်ကို သစ္စာခံနေဆဲ ဖြစ်သော တပ်များ၏ ရက်စက်ကြမ်းကြုပ်မှုကြီးက ကမ္ဘာတဝှမ်း ဟိုလေးတကြော်ကြော် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

 

ဒီပဲယင်း မြို့ လက်ယက်ကုန်း ကျေးရွာ ဘုန်းကြီး ကျောင်းဝင်း အတွင်းရှိ မူလတန်းကျောင်းလေးအား လူစိတ်ကင်းမဲ့နေသော စစ်သားများက စစ်ရဟတ်ယာဉ် ပေါ်မှ စက်သေနတ်များဖြင့် တရစပ် ပစ်ခတ် ခဲ့၍ ကလေးငယ် ခြောက်ဦး သေဆုံးပြီး ၁၇ ဦး ‌ဒဏ်ရာရရှိသွားသော သတင်းသည် ရိုက်တာ သတင်း ဌာန မှတဆင့် ကမ္ဘာမီဒီယာ များတွင် ဖေါ်ပြလာကြသည်။

 

စစ်တပ်သည် ရွာထဲသို့ ဝင်ရောက် ရှင်းလင်း (လုယက်ရန်) ဝင်လာနိုင်ရေး အတွက် ကေအိုင်အေ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ရှိနေမည်ဟု သံသယ ရှိရုံ သက်သက် ဖြင့် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းတို့ဖက်မှ ထုတ်ပြန်သော ကြေညာချက် အရ ခန့်မှန်း၍ ရသည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ရင်း မှာ ပြည်သူ့ကာကွယ်ရေး တပ်များအား ကူညီ ထောက်ပံ့နေသည့် ကျေးရွာများကို ကျောင်းမှန်းကန်မှန်း သိအောင် နမူနာပြ ပညာပေးမှ ဖြစ်မည်ဟူသော အသိဉာဏ်မျိုး ရှိသူများ မှ လုပ်ခဲ့ကြခြင်း ဖြစ်သည်။

 

အသက်မသေ ဒဏ်ရာမရဘဲ ကျန်ရှိနေသော ကျောင်းဆရာ များ နှင့် ကလေးသူငယ် စုစုပေါင်း ၂၀ ခန့်ကိုလည်း ဖမ်းဆီးသွားသည်ကို ကြည့်လျှင် စစ်တပ်သည် ကလေး သက်ကြီး ရွယ်အိုများပါ မကျန် တတိုင်းပြည်လုံးအား ရန်သူသဖွယ် ပြုမူ ကျင့်ကြံနေကြပြီ ဆိုသည့် အချက်က ထင်ရှားသည်ထက် ထင်ရှားလာနေသည်။

 

အိုင်အက်စ် နှင့် အယ်ကိုင်ဒါ တပ်မှူးများသည် အမေရိကန် တို့၏ ဒရုန်း ရန်ကို ကြောက်၍ သွားလေရာ မိသားစု ဝင်များ၊ က‌လေးများကို ကားပေါ်တင်၍ ခရီးသွားကြသည်မှာ မလုပ်မဖြစ် လုပ်ကြရသည့် ထုံးစံ တခုလို ဖြစ်နေသည်။ အဘယ်ကြောင့်နည်း၊ သူ တို့အား ရန်ပြုနိုင်သည့် လူများသည် “လူစိတ်” ရှိကြသူများ ဖြစ်နေသည်ကို သိထားကြသောကြောင့်ပင် ဖြစ်သည်။

 

ပြည်သူ များသည်လည်း တနိုင်ငံလုံး အနှံ့ ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်မှုများကို နေ့တဒူဝ တွေ့ မြင်ကြားသိနေရသဖြင့် နာကျင်မှုများဖြင့် ထုံကျင်လာနေကြပြီး အလင်းရောင် တန်းလေး ပေါ်လာမည့် အချိန်ကို မက်မောတကြီး စောင့်ကြည့်နေကြရသည်။

 

ထိုသို့ ကလေးသူငယ်များ ပါမကျန် တ‌ယောက်မှ အရှင် မထားနဲ့ ဟု ပစ်မိန့်ပေးသူများကတော့ လက် စားချေ ခံရမည့် အရေးကို စိုးရွံ့စွာဖြင့် နေပြည်တော် ရှိ မြို့နယ် ၆ မြို့နယ်စလုံးတွင် ညမထွက်ရ အမိန့်ကို ချက်ချင်းလို ထုတ်ပြန်လာခဲ့သည်။

 

ဧရာဝတီ၏ သတင်း အဆိုအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တီထွင်ထုတ်လုပ်ထားပြီး ဖြစ်သည့် လက်နက်ကြီးများသည် ၅ ကီလိုမီတာ အကွာ မှ ပစ်ခတ် နိုင်လာပြီ ဖြစ်သည်ဟု သိရသည်။

 

ရခိုင် မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်လာနေပြီ ဖြစ်၍ စစ်တပ်ဖက်မှ ကုန်းလမ်းရေလမ်း များကို ပိတ်ဆို့ထားကြပြီး ဖြစ်၍ ကယ်ဆယ်ရေး အဖွဲ့များကိုပါ အဝင်မခံသဖြင့် ဒေသခံများ စားနပ် ရိက္ခာ အကျပ်အတည်း နှင့် ကြုံနေရကြရလေသည်။

 

ဘင်္ဂလားဒေ့ရှ်မှ ၎င်းတို့ အချုပ်အခြာ အာဏာကို မြန်မာမှ အကြိမ်ကြိမ် ချိုးဖောက်နေမှုများအား အာဆီယံ သံအမတ်ကြီးများ အား ဖိတ်ခေါ်၍ တိုင်တန်းခဲ့ကြသည်။

 

မြန်မာပြည်သူ ၅၅ သန်း အပေါ် သက်ရောက်မှု ရှိလာနိုင်သည့် ဆုံးဖြတ်ချက်အား ကုလ တွင် မြန်မာ နိုင်ငံအား ကိုယ်စားပြုခွင့်ကို ကိုယ်စားလှယ် ရွေးချယ်ရေး ကော်မတီ မှ ချမှတ် ပေးရတော့ မည့် အချိန်တွင် ထိုကဲ့သို့ ရိုင်းစိုင်းစွာ ပြုကျင့်မှုများ က ကျော်မကောင်း ကြားမကောင်း ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

သို့သော် ယခင်နှစ်နှင့် မတူဘဲ ယူကရိန်း စစ်ပွဲကြောင့် ရုရှား နှင့် တရုတ် နိုင်ငံများက ပူးပေါင်း၍ ဦးကျော်မိုးထွန်းအား ဆက်လက် အတည်ပြုရေးကို ဆန့်ကျင်လာဖွယ် ရှိ၍ ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသားများက စစ်အာဏာသိမ်း အဖွဲ့၏ ကိုယ်စားလှယ် တဦးတလေမျှ ကုလ ထဲ ဝင်ရောက်ခွင့် မပြုရန် UN, Prove your existence for Justice ဟု ကြွေးကြော်ကာ အပူတပြင်း တောင်းဆိုလာနေ ကြသည်။ အဆိုပါ နှစ်နိုင်ငံသည် စစ်အာဏာသိမ်း အဖွဲ့ကို လက်နက်များ ရောင်းချနေ၍ ယခုလို ကလေးများအား ၎င်းတို့ ရောင်းချထားသည့် ရဟတ်ယာဉ် ကို သုံး၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည့် အတွက် ၎င်းတို့တွင် တစိတ်တပိုင်း တာဝန်ရှိနေသည်ကို သတိပြုသင့်သည်။ အဆိုပါ နှစ်နိုင်ငံသည် ဖြစ်နိုင်လျှင် ကုလ သမဂ္ဂ ပြိုလဲသွားလည်း ဝါဒ ဖြန့်စရာ မရှိတော့သည်က လွဲ၍ မည်သို့မျှ ထူးခြားမှု မရှိဟု ယူဆ နေကြသူများ ဖြစ်၍ ကုလ အား နိုင်ငံတကာမှ အယုံအကြည် မဲ့လာမည့် အရေးကို ဦးစားပေး စဉ်းစား ကြလိမ့်မဟုတ်။

 

ထို့အတွက် တာဝန်သိသော နိုင်ငံများ အနေဖြင့် အဖွဲ့ကြီးအား ဂုဏ်သိက္ခာ ရှိရှိဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆက်လက်ပြီး ကာကွယ်စောင့်‌ရှောက်သွားနိုင်ရန် ထိုကဲ့သို့ rogue states မတော်မတရား လုပ်မည့် နိုင်ငံများ၏ ရန်ကို အကြောက်အကန် ခုခံ ကာကွယ်သွားကြရမည်လည်း ဖြစ်သည်။

 

ကုလ အပါအဝင် နိုင်ငံတကာ သည် အစိုးရ တရပ်ကို အသိအမှတ်ပြုရေး အတွက် “နယ်မြေကို ထိရောက်စွာ ထိန်းချုပ် အုပ်ချုပ် နိုင်စွမ်း” ရှိရမည် ဆိုသည့် သဘောထားသည် ပဋိပက္ခ ကို ပို၍ အရှိန်မြှင့်အောင် မြှောက်ပင့်ပေးသလို ဖြစ်နေ၍ ပြန်လည် သုံးသပ်သင့်သည်။ စစ်အာဏာသိမ်း အဖွဲ့သည် ကုလ နှင့် နိုင်ငံတကာ မှ တောင်းဆိုနေသည်များကို တခုတလေမျှ လိုက်လျော အလျော့ ပေးခဲ့ခြင်းမျိုးလည်း မရှိပေ။ ထိုကဲ့သို့သော အဖွဲ့အစည်း ကို ကုလ စင်မြင့်တွင် နေရာပေးမိပါက ၎င်းတို့၏ လုပ်ရပ်များကို လက်သင့်ခံနိုင်ဖွယ် ရှိသည်ဟု ပြောဆိုလိုက်ခြင်း နှင့် အတူတူပင် ဖြစ်ပေ လိမ့်မည်။ မင်းအောင်လှိုင်သည် ထိုသို့ အထင်ရှိမည်ကို စိုးရိမ်ပြီး လက်ဦးမှု ယူသည့် အနေဖြင့် ကုလ အထူးသံတမန်ကို ဝင်ရောက်ခွင့် ပြုခဲ့သည်တော့ ရှိသည်။

 

အဓိက ဆုံးဖြတ်ရမည်က မည်သည့် အဖွဲ့အစည်းသည် နိုင်ငံတွင်း ပြည်သူများ၏ အင်တိုက်အားတိုက် ထောက်ခံမှု ကိုရ နေပါသနည်း။ ထိုအဖွဲ့အစည်းသည်သာ ပြည်သူတို့၏ ဆန္ဒကို အစစ်အမှန် ကိုယ်စား ပြု ပြောဆိုနိုင်သူများ ဖြစ်ပေမည်။

 

ထို့အတွက် မြန်မာ တွင် တာဝန်ခံမှု ရှိစေရေး စီမံချက် Myanmar Accountability Project (MAP) အား ဦးဆောင်နေသည့် ဘီဘီစီ သတင်းထောက်ဟောင်း ခရစ် ဂန်းနက်မှ ဦးကျော်မိုးထွန်းအား ယခုအခါ အခြား ကိုယ်စားလှယ်တော်ကြီးများ နည်းတူ ရှိသင့်ရှိထိုက်သည့် အခွင့်အရေးများ အားလုံးကို မချွင်းမချန် ပေးအပ်ပါရန် တောင်းဆိုလာခဲ့သည်။

 

စစ်အစိုးရသည် အတင်းအဓမ္မ လုပ်နေကြသော်လည်း မတရားမှုများကို မတရားမှု ဟူ၍ ရှင်းလင်း ပြတ်သားစွာ သိမြင်လာကြမည့် လူထုကြီး စည်းလုံးလာကြမည်ကို စိုးရိမ်ထိတ်လန့်လျက် ရှိနေပြီလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!