နဂါးကြီး နိုးထလာပြီလော

by Hla Soewai - Sep 22 2022

ဝ ပြည် နယ် ပန်ဆန်း မြို့တော်တွင် နိုင်ငံတွင်းရှိ အင်အား အကြီးမားဆုံးသော တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့ တွေ့ဆုံခဲ့မှုသည် ၎င်းတို့ ပြောသလို မွန်းကိတ် ပွဲတော် အထိမ်းအမှတ်ထက် များစွာ လေးနက်မှု ရှိနေသည်ကို တွေ့ရသည်။

 

ဝ၊ ရခိုင်၊ ကိုးကန့်၊ ရှမ်း၊ ပလောင်၊ ကချင် ပူးပေါင်း၍ ‌ဖက်ဒရယ် နိုင်ငံရေး ဆွေးနွေးမှု နှင့် အတိုင်ပင်ခံ ကော်မတီ Federal Political Negotiation and Consultative Committee (FPNCC) ဖွဲ့စည်းထားပြီး ဖြစ်သည်။

 

FPNCC ၏ အတွင်းရေးမှုး ဖြစ်သူ AA တာဝန်ခံ ဗိုလ်မှုးချုပ် ညိုထွန်းအောင် မှ ပြောဆိုရာတွင် ဝ အဖွဲ့ နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေမှု များ အပေါ် အမြင်ချင်း ဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အလားအလာ များ အပေါ် ဆွေးနွေးညှိနှိုင်းသွားရေး တို့ ပင် ဖြစ်သည် ဟု ဆိုသည်။

 

လေ့လာသူ အချို့ကမူ AA သည် လေယာဉ်ပစ် လက်နက် နှင့် နည်းဗျူဟာ အပိုင်းတွင် အကူအညီ တောင်းခံခြင်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ရေးရာ လေ့လာသူ တဦးက FPNCC သည် တရုတ်၏ တောင်းဆိုချက်ကြောင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်ဟုပင် ပြောလာခဲ့သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် လူမြင်မကောင်းလောက်အောင်ပင် ရုရှား နှင့် ပလူးပလဲ လုပ်နေသည်ကို တွေ့ရ၍ တရုတ်သည် ၎င်းတို့အား ဒီအတိုင်း လွှတ်ထား၍ မရတော့ဟု ယူဆလာဖွယ်ရှိသည်၊ အဆိုပါ အစည်းအဝေး တက်ရောက်လာသူများကိုလည်း ၎င်းတို့ နယ်မြေ အတွင်းမှ ဖြတ်သန်းခွင့် ပြုလာခဲ့သည်။

 

ရခိုင် မြောက်ပိုင်းတွင် လည်း AA နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာ‌ နေသည်။

 

ဗုဒ္ဓဟူးနေ့တွင် ထိုင်း အာဏာပိုင်များက မြန်မာ ကရိုနီ တဦးဖြစ်သူ ထွန်းမင်းလတ် အား ပြီးခဲ့သည့် အပတ် အတွင်း နံနက် လင်းအားကြီး အချိန်တွင် ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့သည် ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

၎င်းနှင့် အတူ လူ လေးဦးအား ဖမ်းဆီး နိုင်ခဲ့သည့် အပြင် အမေရိကန် ဒေါ်လာ ၅.၄ သန်း နှင့် ညီမျှသော ထိုင်း ဘတ်ငွေ သန်း ၂၀၀ ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

 

၎င်းသည် မြန်မာ မှ စစ်ဘက် အကြီးအကဲများ နှင့် နီးကပ်စွာ ဆက်နွယ်ပတ်သက်နေသူ တဦး ဖြစ်ပြီးလောလောဆယ်တွင် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှု ဖြင့် ရုံးတင် တရားစွဲရန် ဖမ်းဆီးထားပြီး ဖြစ်သည်။

 

ထွန်းမင်းလတ်သည် မင်းအောင်လှိုင်နှင့် လွန်စွာ နီးစပ်မှု ရှိသူလည်း ဖြစ်ပြီး မြန်မာ စစ်တပ် အတွက် လက်နက်များ ဝယ်ယူ တင်ပို့ပေးနေသူ လည်း ဖြစ်သည်။

 

၎င်းအား ၂၀၁၉ ဘန်ကောက်လက်နက် ပြပွဲသို့ ရောက်လာသော မင်းအောင်လှိုင် အနီးတွင် အတူ ရှိနေသည့် ဓါတ်ပုံများကို စစ်ကောင်စီ သတင်းစာများတွင် တွေ့ခဲ့ကြပြီး ဖြစ်‌ ကြောင်း နှင့် ၂၀၁၇ ခုနှစ် အတွင်း မြန်မာ စစ်တပ်အား အမေရိကန် ‌ဒေါ်လာ ၇၁,၅၀၀ ခန့်ကို လှူဒါန်းခဲ့သူ ဖြစ်သည်ဟု ရိုက်တာ သတင်းက ဆိုသည်။

 

ဧရာဝတီ သတင်းကမူ ထွန်းမင်းလတ်သည် Star Sapphire ကုမ္ပဏီ အုပ်စု ကို ပိုင်ဆိုင်ထားပြီး မြန်မာလေတပ် အတွက် ထောက်လှမ်းရေး ဒရုန်းများ နှင့် လေယာဉ် အစိတ်အပိုင်းများကို အစ္စရေး ထံမှ ဝယ်ယူ ပေးနေသူ ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်း အာဏာပိုင်များသည် ထိုသို့သော ကိစ္စမျိုးကို များ သော အားဖြင့် မသိချင်ယောင် ဆောင်လေ့ရှိတတ်ကြသဖြင့် ယခုကဲ့သို့ စစ်ဆင်ရေး တရပ် အသွင် ဖြင့် ဖမ်းဆီးလာခြင်းသည် တစုံတယောက်၏ လက်ထောက်ချခြင်း ကြောင့် ဖြစ်နိုင်ပေသည်။

 

အဖြစ်နိုင်ဆုံးသည် အ‌ မေ ကျော် ဒွေးဒေါ်လွမ်းသူ မြန်မာ စစ်ခေါင်းဆောင်များကို တရုတ် က သင်ခန်းစာ ပေးလိုက်ခြင်း ဟု ယူဆရစရာ ဖြစ်လာရသည်။

 

မည်သို့ပင် ဖြစ်စေ ဘတ်ငွေ သန်း နှစ်ရာ ကျော်နှင့် လက်နက် မှောင်ခိုတဦးကို ဖယ်ရှားနိုင်ခဲ့ခြင်းသည် မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာ ကို ကယ်တင်ပေးနိုင်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။

 

ယနေ့ ကျင်းပခဲ့သော ကုလ လူ့အခွင့်အရေး ကော်မရှင် ဆွေးနွေးပွဲတွင် မြန်မာပြည် လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးက ပြည်သူ ၁.၃ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ကောင်စီ တပ်သားများမှ ယခုထိ အိမ်အလုံးရေပေါင်း ၂၈,၀၀၀ ခန့်အား မီးရှို့ခဲ့ကြကြောင်းနှင့် အပြစ်မဲ့ ပြည်သူများ၏ အနေအထားသည် ဆိုးဝါးသည်မှ ပို၍ ဆိုးဝါးလာသည့် အဆင့်၊ ထိုမှတဖန် ကြောက်မက်ဖွယ် ဆိုးဆိုးရွားရွား အဆင့်သို့ ကူးပြောင်း သွားခဲ့ပြီဟု ထုတ်‌ဖေါ် အသိပေးသွားခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်နေသော ပြည်သူ တို့၏ စိတ်များအား အကြောက်တရားဖြင့် ပြောင်းလဲအောင် လုပ်၍ ရနိုင်သည်ဟု ရူးမိုက်စွာ ယုံကြည်နေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

  Image credit - Wilson Centre