ကုလ စင်္ကြန်လမ်းများတွင် လှုပ်ရှားနေသော ရှိုလက်

by Hla Soewai - Sep 25 2022

မြန်မာအပေါ် ဖိအားများ များသည်ထက် များလာ‌စေရန် အတွက် အမေရိကန်သည် ကုလသမဂ္ဂ တွင် လုံးပမ်းလျက် ရှိနေသည်။

 

အထူးသဖြင့် အထွေထွေ ညီလာခံမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာရေး အတွက် ဖြစ်သည်၊ ထိုအရေးအား ကုလ အထွေထွေ ညီလာခံ ခမ်းမ အပြင်ဖက် စင်္ကြန်လမ်းတွင် အဓိက လှုပ်ရှား‌နေသူသည် မြန်မာပြည်သူတို့၏ မိတ် ဆွေကြီး ဒဲရက် ရှိုလက် ပင် ဖြစ်သည်။

 

ရှိုလက် နောက်ထပ် ‌အရေးတကြီး ကြိုးပမ်းနေသည်ကိစ္စသည်ကား မင်းအောင်လှိုင်၏ ရွေးကောက်ပွဲအား နိုင်ငံတကာ မှ အသိအမှတ် မပြုရေးပင် ဖြစ်သည်။

 

ရှိုလက်က သတင်းသမားများနှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင် သစ္စာခံ တပ်များသည် စာသင်ကျောင်းအား ရဟတ်ယာဉ် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁၁ ဦး သေဆုံးသွားခဲ့ရမှု အား ရက်စက် ရမ်းကားမှု ကြီး အဖြစ် ထောက်ပြသွားခဲ့သည်။

 

ရှိုလက်သည် အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ပါ အွန်လိုင်း မှ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

ထို့ပြင် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ထွက်ပေါ်လာရေး အတွက်လည်း အခြားနိုင်ငံများနှင့်ပါ ပြောဆိုခဲ့ကြောင်း၊ တရုတ် နှင့် ရုရှား တို့မှ မြန်မာ အာဏာသိမ်း အဖွဲ့ကို မည်မျှ အတိုင်းအတာ အထိ အရေးယူခြင်းကို ခွင့်ပြုမည်လဲ ဆိုသည် အပေါ် လက်တွေ့ကျကျ စဉ်းစားကြရမည် ဖြစ်ပြီး ကြိုးစားကြည့်ဖို့ က သာ အရေးကြီးသည်ဟု ဆိုသည်။

 

နောက်နှစ် ဩဂုတ်လတွင် ပြုလုပ်မည် ဆိုသည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုသည့် သဘောသက်ရောက်စေမည့် အပြုအမူ မျိုး ထွက်ပေါ် မလာစေရန်လည်း ကြိုးပမ်းသွားမည်ဟု ဆိုသည်။

 

မိမိတို့ အ‌နေဖြင့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် အနေအထားမျိုး တခု တလေမျှ မတွေ့မိကြောင်း၊ စစ်ကောင်စီသည် နယ်မြေ တဝက်ခန့်မျှ ကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် အပြင်၊

နိုင်ငံရေး အကျဉ်းသား အများအပြား ကို ချုပ်နှောင်ထားပြီး သတ်ဖြတ်ခံရမှုများ ရှိနေကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အားလည်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ လပေါင်း ၂၀ ခန့်ပင် ရှိလာပြီ ဟုလည်း ထောက်ပြသွားခဲ့သည်။

 

အမေရိကန်သည် ပိတ်ဆို့ ဒဏ်ခတ်မှု များ ဆက်တိုက်ပြုလုပ်နေသော်လည်း စစ်တပ်အတွက် အရေးပါဆုံးဖြစ်နေသည့် ရေနံ နှင့် ဓါတ်ငွေ့ လုပ်ငန်းကို ချန်လှပ်ထားဆဲပင် ဖြစ်သည်။

 

ကိုယ်ဖဲကိုယ်ချိုး ကိုယ့်ဖာသာ ဝေမည့် ရွေးကောက်ပွဲကို အာဆီယံ နိုင်ငံများက အသိအမှတ် မပြုနိုင်ဟု လာမည့် နိုဝင်ဘာ ထိပ်သီး ဆွေး‌ နွေးပွဲတွင် ကြေညာချက် ထွက်နိုင်အောင် မြန်မာတို့၏ မိတ်ဆွေကြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီးအား မဖြစ်မနေ တိုက်တွန်းသွားရပေတော့မည်။

 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကိုလည်း နယူး‌ယောက်ရှိ ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့ရာ မြန်မာအရေးကို အာဆီယံမှ မျက်ခြေ မပြတ် စောင့်ကြည် ကြိုးပမ်းသွားပြီး မြန်မာပြည်သူ များ အကျိုးအတွက် အကျပ်အတည်း ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်စေမည့် ဖြေရှင်းချက်မျိုး ရှာဖွေရန် ဗီယက်နမ် ဒုနိုင်ငံခြားရေး ဝန်ကြီးကပင် 

ထုတ်ဖေါ် ပြောဆိုလာပြီ ဖြစ်သည်။

 

တကမ္ဘာလုံး အံ့သြ တုန်လှုပ်သွားခဲ့ရသည့် လက်ယက်ကုန်း ရွာ စာသင်ကျောင်း ပစ်ခတ်မှု ဖြစ်စဉ်

 

စက်တင်ဘာ ၁၆ ရက်နေ့ နေ့လည်ပိုင်း ဖြစ်ပြီး ကလေးများသည် ကျောင်းဝင်း အတွင်း ပြေးလွှား ဆော့ကစားနေချိန် ဖြစ်သည်။ ရဟတ်ယာဉ် များ ကို ‌တွေ့လိုက်ရ၍ အထဲ ပြန်ဝင်နေကြရန် မိမိကအော်ဟစ် သတိပေးခဲ့သဖြင့် ကလေးများ ကျောင်းထဲ ပြေးဝင်လာခိုက်မှာ ပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်ဟု လုပ်အားပေး ကျောင်းဆရာ တဦး မှ ဧရာဝတီကို ပြောကြားခဲ့သည်။ ထိုပေါက်ကွဲသံကြီးက ရဟတ်ယာဉ် တစီးစီး ထံမှ ပစ်လွှတ်လိုက်သော ဒုံးကျည် ထိမှန် ပေါက်ကွဲသံကြီးပင် ဖြစ်သည်။

 

အဆိုပါ ရက်စက် ရမ်းကားမှု ကြီး ၏ ဖြစ်စဉ် ကို အာဏာသိမ်းပြီး‌နောက် ပြည်သူဖက်မှ ရပ်တည်လာသည့် Mi-35 ကို မောင်းနှင်ခဲ့ဖူးသော ကက်ပတိန် ဇေသူအောင်မှ ထွက်ပေါ်လာသော ဓါတ်ပုံ အထောက်အထားများကို ကြည့်၍ ဧရာဝတီအား ယခုလို ရှင်းပြခဲ့သည်။

 

ပစ်ခတ်ခံရမှု အနေအထားအရ ရဟတ်ယာဉ်များသည် အမြင့် မီတာ ၃၀၀ မှ ၄၀၀ အတွင်း ပျံသန်းခဲ့ခြင်းဖြစ်၍ ကျောင်းဝင်းအတွင်း ရှိ ဆော့ကစားနေသော ကလေးများကို မမြင်နိုင်စရာ အကြောင်းမရှိ၊ ‌ကျောင်း၏ ပတ်ပတ်လည်တွင် လယ်ကွင်းပြင်များ ရှိ၍ ထီးထီးကြီး မြင်နေရသော အဆောက်အဦးလည်း ဖြစ်သည်ဟု ဆိုသည်။

 

မြေပြင်မှ ပြန်လည် ပစ်ခတ်မှု မရှိမှန်းသိ‌ နေ၍ ပိုင်းလော့သည် တည်တည်ငြိမ်ငြိမ် နှင့် ပစ်မှတ်ကို ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်၊ လန်ထွက်သွားသော အမိုးများ၊ ပြိုလဲသွားသော ကွန်ကရိ အုတ်တိုင်များကို ကြည့်ခြင်းဖြင့် ဒုံးကျည် နှင့် ပစ်ခတ်ခဲ့သည်မှာ ထင်ရှားသည်ဟုလည်း ပြောသွားခဲ့သည်။

 

 လက်ယက်ကုန်း ရွာသားများ အဆိုအရ ကျောင်းသား ၂၀၀ ကျော် တက်ရောက်နေသော စာသင်ကျောင်းအား ဒုံးကျည် သုံးစင်း ပစ်ခတ်ခဲ့ပြီး စက်သေနတ် ဖြင့်လည်း တနာရီ နီးပါးမျှ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

ထို့နောက်တွင်တော့ နောက်မှ လိုက်လာသည့် Mi-17 ရဟတ်ယာဉ် မှ ချပေး‌သော စစ်သား အယောက် ၇၀ ခန့် ရောက်လာပြီး ထုံးစံ အတိုင်း ရွာသားများကို ဖမ်းဆီးခြင်း၊ အိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

 

ဗိုလ်ကြီး ဇေသူအောင်မှ ထိုမျှလောက် အင်အားဖြင့် ကယား နှင့် ချင်းပြည်နယ်များတွင် စစ်တပ်သည် မြေပြင်စစ်ဆင်ရေး ကို မဆင်နွဲရဲကြသည်ကို ကြည့်က စစ်ကိုင်းတိုင်း ရှိ တော်လှန်ရေး အင်အားစု များ အနေဖြင့် ကွပ်ကဲမှု တခုတည်းအောက်တွင် တပ်များ ပူးပေါင်းပြီး မဟာဗျုဟာ ကျကျ လှုပ်ရှားနိုင်ဖို့ လိုအပ်နေသည်ဟု ထောက်ပြသွားခဲ့သည်။

 

ထိုသို့ ဖြစ်လာအောင် အမျိုးသား ညီညွတ်ရေး အစိုးရ မှ စီစဉ် ကွပ်ကဲ ‌ပေးသင့်သည်ဟုလည်း ဆိုသည်။

 

တော်လှန်ရေး အင်အားစုများ တကွဲတပြား လှုပ်ရှားနေမည်ဆိုက ထိုကဲ့သို့ ရဟတ်ယာဉ်များ နှင့် ရောက်ရောက်လာပြီး တ‌ ဖြေးဖြေး နှင့်ကောက်သင်းကောက် သလို အမှည့်ချွေ ခံရမည့် အန္တရာယ် ရှိလာနေသည်ဟု ယူဆမိပါသည်။ ဤသည်က ကျွန်တော် ၏ စိုးရိမ်မှု လွန်ကဲသော အမြင်မျှသာ ဖြစ်သည်၊ မြေပြင် အခြေအနေက ကျွန်တော်ပြောသည့် အတိုင်းလည်း ဟုတ်ချင်မှ ဟုတ်ပေမည်သာ။

 

ဂျပန်မှ ထိုသို့သော ဖြစ်ပေါ်လာသော အခြေအနေများကို ကြည့်၍ ၂၀၂၃ ခုနှစ်မှစ၍ မြန်မာ စစ်ဖက် အရာရှိများအား သင်တန်းပေးနေခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်‌ ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ တာကီရှီ အေအိုကီ မှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ဂျပန်သည် ထိုသို့ လူစိတ်ကင်းမဲ့ကာ ကျုးလွန်နေမှုများ တွင် ကြံရာပါ အဖြစ် လက်ညိုးထိုးခံရတော့မည့် အရေးကို ရှောင်ရှားလိုက်ခြင်းလည်း ဖြစ်သည်။

 

၎င်းတို့၏ ရွေးကောက်ပွဲ အား အသိအမှတ်ပြုဖို့ နေနေသာသာ လူတောင် အလွှတ်မခံတော့ ပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Image credit - Republic World