ဗြိတိသျှ အစိုးရ မှ မြန်မာ စစ်ဗိုလ်ချုပ်များ အား အိုင်စီစီ လွှဲပြောင်းပေးရေး ထောက်ခံပြီ

by Hla Soewai - Sep 28 2022

ဗြိတိန် အနေဖြင့် မြန်မာပြည်တွင် စစ်တပ်မှ ကျုးလွန်နေမှု များ အတွက် တာဝန်ခံမှု ရှိရမည် ဆိုသည်ကို ပြတ်သားစွာ ခံယူထားပြီး ဖြစ်သည့် အတွက် ယခု ထိုသို့ ကျုးလွန်သူ များကို နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်း ပေး‌ရေးကို ထောက်ခံကြောင်း မြန်မာအရေး ပါတီစုံ ပါဝင်သည့် ပါလီမန် အမတ်များ အဖွဲ့ ဥက္ကဌ ယူရှာနာရာ အလီ ၏ မေးခွန်း အား ဗြိတိသျှ နိုင်ငံခြားရေး ရုံး ဝန်ကြီး ဂျက်ဆီ နော်မန်က ပြန်လည် ဖြေဆိုရာတွင် ထည့်သွင်း ပြောကြားသွားခဲ့ပြီ ဖြစ်သည်။

 

အမေရိကန် အစိုးရမှ လည်း အလားတူ ထောက်ခံကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် များ အတွင်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။

 

လုံခြုံရေး ကောင်စီ နောက်ထပ် အမြဲတမ်း အဖွဲ့ဝင် ဖြစ်သည့် ပြင်သစ်မှ ထောက်ခံဖို့ လည်း အပူတပြင်း အရေးဆိုလာကြပြီ ဖြစ်သည်။ ပြင်သစ် အထက်လွှတ်တော်သည် အမျိုးသား ညီညွတ်ရေး အစိုးရ အား တရားဝင် အသိအမှတ်ပြုထားပြီး ဖြစ်၍ ကြာကြာတော့ စောင့်ရန်မလို။

 

ယခင်က နိုင်ငံတကာ တရားရုံး တွင် ရိုဟင်ဂျာ အရေး တရားစွဲခံထားရသည်ကို ပါဝင် ကူညီသွားမည်ဟု ကန် နှင့် လိပ် မှ ကြေညာ အပြီး ယခုလို ဒုတိယ အကြိမ် စစ်ရာဇဝတ်မှုများ အတွက် ပါ ထည့်သွင်း ပြောကြားလာခဲ့ခြင်း ဖြစ်သည်။

 

အိုင်စီစီ သည် အာဖရိကတိုက် မှ ခေါင်းဆောင်များကို သာ ပစ်မှတ်ထား အရေးယူလေ့ရှိသည် ဆိုကာ အာဖရိက နိုင်ငံများ၏ ‌ဝေဖန်မှုများ မြင့်တက်လာပြီး ၂၀၁၆ တွင် တောင်အာဖရိက၊ ဘူရွန်ဒီ နှင့် ဂမ်ဘီယာတို့သည် အိုင်စီစီ မှ နှုတ်ထွက်သွားခဲ့ပြီး ရှေ့လျောက်လည်း နှုတ်ထွက်ရန် ရှိနေ၍ ယခု လို အာရှတိုက်မှ အမှုကို ကိုင်တွယ်ရန် အိုင်စီစီသည် စိတ်‌စောနေပေသည်။ သို့သော် အိုင်စီစီ တရားရုံး အဖို့ တရားခံများအား ပြစ်ဒဏ်ချမှတ်ပြီးပါက မည်သည့် နိုင်ငံက ၎င်းတို့၏ အကျဉ်းထောင်ထဲတွင် ထားရှိဖို့ လက်ခံမည်နည်း ဆိုသည် ပြဿနာ တော့ ရှိနေသည်။ အိုင်စီစီ၏ နှစ်ငါးဆယ် ပြစ်ဒဏ် စီရင်ခံရသည့် အာဖရိက ရှိ လိုက်ဘေးရီယား သမ္မတဟောင်း ချားလ် တေလာ အား ဗြိတိန် မှ အကျဉ်းချထားရန် လက်ခံခဲ့သည်။ (ပုံတွင် အိုင်စီစီ တွင် ရုံးတင် စစ်ဆေးရန် ဖမ်းခေါ်လာသော ချားလ် တေလာကို တွေ့ရစဉ်)

 

အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနမှ လက်ယက်ကုန်း ဖြစ်စဉ်အား နိုင်ငံတကာ၏ တည်ဆဲ ဥပဒေများကို ချိုးဖောက်သည့် စစ်ရာဇဝတ်မှုကြီး အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီး ပြစ်မှု ကျုးလွန်သူများ၊ သေဆုံးသွားရသူများ၏ အမည်စာရင်း ကို အတိအကျ ထုတ်ပြန်လာခဲ့သည်။

 

မြန်မာ စစ်တပ်မှ ထိုသို့ ကျုးလွန်သည်များကို တဦးတလေမျှ ပင် မည်ကာမတ္တာ အရေးယူခဲ့ခြင်း မရှိသော်လည်း မြဝတီ-ဝေါလေး လမ်းပေါ် သဲဖြူကျောင်း စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းများ တပုံတပင်ကြီး အလှုဒါန ပြုလုပ်ခဲ့သည့် အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ် မှ တပ်မမှုး ဗိုလ်မှုးကြီး တင်မိုးနိုင် ဆိုသူအား နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်သည်။ အနည်းဆုံး ၎င်းတို့ ဖက်မှ ယုံကြည်စိတ်ချခံထားရသူ တဦး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

 

စစ်တပ်သည် ယခုအခါ ရခိုင် တွင် အကြီးအကျယ် ဒုက္ခ ရောက်လျက် ရှိနေပြီ ဖြစ်သည်၊ ခြေကုပ်စခန်းများ ဆုံးရှုံးခဲ့ရသည့်အပြင် ၎င်းတို့ စိုးမိုးထားကြောင်းပင် ပြသနိုင်စွမ်း မရှိ ဖြစ်လာနေသည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းစာများ တွင် ရေးသားလာခဲ့သည်။ ပြည်မတွင်လည်း ၎င်းတို့ အား ဆန့်ကျင်အုံကြွနေကြသည့် ပြည်သူများ၏ တော်လှန်ရေး ကိုလည်း ကိုင်တွယ်နေရပြန်သည်။

 

အဆိုပါ သတင်းစာများ၏ အဆိုအရ NUG သည် တိုင်းပြည်၏ ၅၂ ရာနှုန်းကို ထိန်းချုပ်ထားပြီး ဖြစ်သည်ကို နိုင်ငံတကာ က လက်ခံထားကြပြီး ဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်သည် နိုင်ငံရေး၊ သံတမန်‌ရေး နှင့် စစ်ရေး တွင် ဆုံးရှုံးမှု များစွာ နှင့် ရင်ဆိုင်နေသည့်အထဲ တွင် ရခိုင် ပြည်နယ် တွင် အင်အားကုန် ထုတ်သုံးနေသော်လည်း လက်လွှတ်ရတော့မည့် အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်၊ ဘီဘီစီ သတင်းအရ သက်သာလို သက်သာငြား ဝ များ အား အပေးအယူ သဘော ဖြင့် AA ကို လက်နက် ပံ့ပိုးပေးခြင်း မရှိက ပြည်နယ် သတ်မှတ်ပေးမည်ဟူ၍ ပင် စကား ကမ်းလှမ်းနေပြီ ဖြစ်သည်ဟု ပါရှိသည်။

 

နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကို ၎င်းတို့ အာဏာရပြီး တနှစ်ကျော် အတွင်းမှာပင် ဆုံးရှုံးရတော့မည်လော ဟူ၍ပင် မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

 

NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လူထု၏ ထောက်ခံမှု တခဲနက် ရရှိလိုက်ပြီ ဖြစ်၍ လာမည့် သက်တမ်း အတွင်း ၂၀၀၈ ဖွဲ့စည်းပုံကို မရအရ ပြင်တော့မည်ကို သိ၍ မင်းအောင်လှိုင် မှ ငါတို့ အနာဂတ် ပျောက်တော့မည်ဟု အပေါင်းအပါ စစ်ဗိုလ်ချုပ် များကို သိမ်းသွင်းကာ မဲခိုးသည် အကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုသို့ ၎င်းတို့ ကျုးလွန်ခဲ့သော အပြစ်ဒဏ်ကို မလွှဲမသွေ ခံကြရတော့မည့် အချိန်က တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည်။ သို့သော် ယခုအထိ ၎င်းတို့ မည်မျှအထိ ပြည်တွင်း ပြည်ပ တွင် ကျင်းထဲကျပ်ထဲ ကျနေပြီ ဆိုသည့် အမှန်တရားကို လက်ခံနိုင်ခြင်းမရှိ၊ တိုင်းပြည် ပြိုကွဲယုံမက ဘာကြီး ဖြစ်နေနေ ၎င်းတို့ ခေါင်းထဲတွင် ထည့်မစဉ်းစား။ PDF များကို နှိမ်နှင်းနိုင်ပြီး ရွေးကောက်ပွဲ လုပ်ပေးပြီးလျှင် အရာရာ ပြေလည်သွားပြီဟုသာ ယုံကြည်နေသည်။ မင်းအောင်လှိုင် မှ လည်း နောက်လိုက် များကို ထိုအတိုင်းပင် ချွေးသိပ်ထားပုံ ရှိသည်။

 

သို့သော် ခေါင်းဆောင်ကြီး ကိုယ်တိုင် နိုင်ငံ အနှံ့သို့ စိတ်ရှိလက်ရှိ မသွားနိုင်တော့သည့် အနေအထား နှင့် ကြုံနေရပြီ ဖြစ်သည်။

 

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် ယာယီ ဥက္ကဌ နာဒါ အာ နာရှစ် မှ အိမ်နီးချင်း နိုင်ငံများ သို့ ထွက်ပြေးခိုလှုံနေသော ဒုက္ခသည် ၄၄၅,၀၀၀ အပါအဝင် ပြည်တွင်းရှိ ၎င်းတို့ မီးရှို ခံထားရ၍ ထွက်ပြေး နေကြသူ စုစုပေါင်း လူ တသန်းသည် အငတ်ဘေးနှင့် ရင်ဆိုင်ရဖို့ ရှိနေသည်ဟု ဂျီနီဗာ တွင် ကျင်းပသော လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် သတိပေးလိုက်ပြီ ဖြစ်သည်။

 

ကုလ ၏ စာရင်းဇယားများအရ ကလေး သူငယ် ၁၈၈ ဦး အပါအဝင် လူပေါင်း ၂,၃၁၆ ဦး ကို သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် နှင့် ၎င်းအား သစ္စာခံနေသူများ အဖို့ အကုသိုလ်စိတ် ၁၂ ပါး အား ကန်ထရိုက်ယူကာ လူ ထောင်ချီ သတ်ခဲ့ပြီး လူတသန်းခန့် ၏ ဘဝများကို ဖျက်ဆီးပစ်ခဲ့သည်။ နိုင်ငံတွင်းရှိ ၎င်းတို့ အား မျက်စိမှိတ်ထောက်ခံနေသူများ မှ အပ သန်းပေါင်းများစွာအား ကိုယ်စိတ်နှလုံး ဆင်းရဲအောင် ပြုမူနေသည့် အကုသိုလ် ကံသည် မည်မျှ အထိ ကြီးလေးမည် ဖြစ်သည်ကို ကလေးပင် သိနိုင်လောက်ပေသည်။

 

ထို့အတွက် အကုသိုလ် အလုံးအရင်း ကျုးလွန်နေကြသည့် စစ်တပ် ထဲသို့ ဝင်မည့် လူမရှိ ဖြစ်လာနေ၍ ယခင် ၅ သိန်း မှ ယခု တဦးလျှင် ၁၅ သိန်း ပေးမည်ဟုပင် ဈေးခေါ်နေကြရပြီ ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင်သည် ၎င်း၏ ကိုးကွယ်ရာ ဖြစ်နေသည့် ပူတင် ကဲ့သို့ အတင်းအဓမ္မ စစ်မှု မထမ်းမနေရ ဆိုကာ ဆင့်ခေါ်ရန် မစဉ်းစားပဲ နေမည် မဟုတ်သည်ကို သတိချပ်ကြရမည် ဖြစ်သည်။

 

ထပ်မံ ရရှိသော ဝမ်းသာစရာ သတင်း တခု က အမေရိကန် ပြည်တွင်းလုံခြုံရေး ဌာနမှ မြန်မာ နိုင်ငံသားများ အပေါ် ယာယီ အကာအကွယ် ပေးသွားမည့် Temporary Protected Status (TPS) ကို နောက်ထပ် သက်တမ်း ၁၈ လ တိုးချဲ့ပေးလိုက်ပြီ ဆိုခြင်း နှင့် ဘန်ကောက် ရှိ သုဝဏ္ဏဘူမိ လေဆိပ်တွင် သောင်တင်နေသည့် မြန်မာ အလှမယ် ဟန်လေးသည် ယခုအခါ တောင်ကိုရီယား နိုင်ငံ အင်ချွန်းလေဆိပ်မှ ကိုရီယား လေကြောင်းလိုင်း KE 073 ဖြင့် ကနေဒါ နိုင်ငံ တိုရန်တို သို့ ထွက်ခွာရန် ပြင်ဆင်နေပြီ ဖြစ်သည် ဆိုခြင်းပင်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!