စစ်ကောင်စီ ကျဆုံးခန်း ကြိမ်းသေ၊ NUG နှင့် ဆွေးနွေးရန် တိုက်တွန်းလာပြီ ဖြစ်

by Hla Soewai - Sep 30 2022

မြန်မာ အရေး လေ့လာ စောင့်ကြည့်နေသူများ၏ မီဒီယာ များ တွင် ရေးသားလာသော ဆောင်းပါး များ က စစ်ကောင်စီ ကြိမ်းသေ ကျဆုံးတော့မည် ဖြစ်၍ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးသင့်ပြီဟု တိုက်တွန်းလာကြပြီ ဖြစ်သည်။

 

ယခင် က စစ်တပ်သည် တနိုင်ငံလုံးကို ထိန်းချုပ်ထားပြီး လက်နက်များ ရှိနေသည်၊ NUG သည် သံတမန် မျက်နှာစာတွင် ပြောခွင့်ရရန် ပင် လုံးပမ်းနေရဆဲ ဖြစ်သည်ဟု ယူဆမှုများ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်ဟု ဂျပန် နိုင်ငံ ရှိ အွန်လိုင်း ဂျာနယ် The Diplomat တွင် ရေးသားလာခဲ့သည်။

 

မြန်မာ အရေး အထူး အကြံပေးကောင်စီ မှ ထုတ်ပြန်သော စာတမ်းတွင် နိုင်ငံကို မည်သူက ထိန်းချုပ်ထားနိုင်သနည်း ဆိုသည်အပေါ် နိုင်ငံတကာ စံနှုန်းများ နှင့် အညီ သုံးသပ်ထားပြီး NUG သည် သာ ၅၂ ရာနှုန်း ထိန်းချုပ်ထားနိုင်ကြောင်း အဆုံးအဖြတ် ပေးလာကြသည်။

 

အာဆီယံ နိုင်ငံများသည် စစ်တပ် ၏ အားနည်းချက်များကို သိမြင်လာကြပြီး ၎င်းတို့အား ဆန့်ကျင် တိုက်ခိုက်နေမှုများ က ဘက်ပေါင်းစုံမှ ဖြစ်လာနေပြီကို ဖြစ်၍ လက်ရှိ အနေအထားသည် ကြာရှည်မည် မဟုတ်တော့ဟု ကနေဒါရှိ McGill တက္ကသိုလ်မှ ပါမောက္ခ Bart Edes ကလည်း ထောက်ပြခဲ့သည်။

 

ထိုအမြင်ကို နိုင်ငံတကာ၏ ထောက်ခံမှုများ မြင့်တက်လာနေပြီး ၎င်းတို့အဖို့ NUG အား အသိအမှတ် မပြုပဲနေရန် ထပ်မံ အကြောင်းပြစရာများ မရှိတော့၊ ယခုအခါ ဂျိုး ဘိုင်ဒင်သည် ကုလသမဂ္ဂ စင်မြင့်မှ မြန်မာ အရေးကို အကျယ်တဝန့် ထုတ်ဖေါ်ပြောဆိုသွားပြီ ဖြစ်၍ ၎င်း၏ နိုင်ငံခြားရေး မူဝါဒ တွင် ဦးစားပေး အဆင့် သတ်မှတ်ရတော့မည် ဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။

 

စစ်တပ်၏ လုပ်ရပ်များသည် ဘာကိုမှ မစဉ်းစားပဲ ထင်ရာမြင်ရာ လုပ်နေသည့် အနေအထား တွင်ရှိသည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ ဒီမိုကရေစီ အရေး ခေါင်းဆောင် လှုပ်ရှား တက်ကြွနေသူ နှစ်ဦးအား မစဉ်းစား မဆင်ခြင်ပဲ မိုက်မိုက်မဲမဲ ကွပ်မျက်ပြစ်ခဲ့ခြင်း သည်က အထင်ရှားဆုံး သက်သေပင် ဖြစ်သည်ဟု ဆက်လက်ရေးသားထားသည်။

 

အကြံပေးကောင်စီ မှ စစ်ကောင်စီသည် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ပဲ ပြည်ပ မှ ဝင်ရောက်သိမ်းပိုက်ထားသည့် စစ်တပ်သဖွယ် ပြုမူ ကျင့်ကြံနေသည့် အဆင့်သို့ ရောက်ရှိနေပြီဟုလည်း ၎င်းတို့၏ စစ်တမ်း တွင် ဖေါ်ပြထားသည်။ ကမ္ဘာကြီး အနေဖြင့် မြန်မာနိုင်ငံ သစ် ပုံပေါ်လာနေပြီ ဆိုသည့်် အမှန်တရားကို ထ ကြည့်သင့်နေပြီဟု အဖွဲ့ဝင် ဖြစ်သူ မစ္စက် ယန်ဟီလီး က ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် အဝေးရောက် အစိုးရ မဟုတ်၊ စင်ပြိုင်ထောင်ထားသည့် အစိုးရလည်း မဟုတ်၊ စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်တွန်းလှန်နေကြသည့် ပြည်သူတို့၏ တော်လှန်ရေးအား ကိုယ်စားပြုနေသည့် အပြင် နိုင်ငံ နယ်မြေ အမြောက်အမြားကို ထိန်းချုပ်ထားနိုင်စွမ်း ရှိနေပြီ ဖြစ်သည်ဟု လည်း ဆိုသည်။

 

၂၀၂၃ ခုနှစ် အတွက် အာဆီယံ ဥက္ကဌ ရာထူးအား အင်ဒိုနီရှားမှ တာဝန်ယူတော့မည် ဖြစ်၍ မလေးရှား၊ ဘရူးနိုင်း နိုင်ငံများ၏ ထောက်ခံမှု ဖြင့် စစ်ကောင်စီအား ဆွေးနွေးပွဲ စားပွဲဝိုင်းမှ ဖယ်ရှားကာ အမျိုးသား ညီညွတ်ရေး အစိုးရအား ထည့်သွင်းလာတော့မည့် အလားအလာများ တွေ့မြင်နေရပြီ ဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။

 

Eurasia Review ၏ ဆောင်းပါးတွင်လည်း စစ်တပ်သည် ရေရှည် ရပ်တည်နိုင်စွမ်း မရှိတော့ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားလာခဲ့ပြီး ၎င်းတို့အား တရုတ် နှင့် ရုရှားမှ အပြေးလာကူမည်ဟု ထင်မြင်နေကြခြင်းသည် ရူးသွပ်မှုသက်သက်သာ ဖြစ်သည်ဟု ဆိုသည်။ ရုရှားသည် ယူကရိန်း စစ်ပွဲ အပြင် အနောက်အုပ်စု၏ အပြင်းအထန် ပိတ်ဆို့ဒဏ်ခတ်မှုများ ရင်ဆိုင်နေရပြီး တရုတ်သည် လည်း တိုင်ဝမ် ပြဿနာ နှင့် အလုပ်ရှုပ်နေသည့် အပြင် ရုရှားကဲ့သို့ မဟုတ်ပဲ နိုင်ငံတကာ ကို ဆန့်ကျင်ပြီး ရောက်ရှိလာမည် မဟုတ်ပေ။

 

မြန်မာ စစ်တပ်သည့် နေ့စဉ်နှင့် အမျှ အရှုံးနှင့် ရင်ဆိုင်နေရသော်လည်း ချက်ခြင်းလက်ငင်း ပြုတ်ကျဖို့ မရှိသေး၊ သို့‌သော် ရှေ့လျှောက်တွင် ထိုသို့ ဖြစ်လာမည့် အရေးက အတည်ပြု၍ ရနေပြီ ဖြစ်သည်ဟု ဆိုသည်။ ဆက်၍ တောင့်ခံ ပြီး မိုက်ရူးရဲ လုပ်နေမည်ဆိုက ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိခိုက် လာနေ၍ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများက မဖြစ်မနေ လှုပ်ရှားလာဖို့ ရှိနေသည်။

 

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းအား တိုက်ခိုက်မှု အပေါ် ကုလ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား UN Independent Investigative Mechanism for Myanmar (IIMM) မှ အသေးစိတ် စတင် စုံစမ်း ၍ အချက်အလက်များ ကောက်ယူနေပြီ ဖြစ်သည်ဟု ဆိုသည်၊ စစ်တပ်၏ ဖြေရှင်းချက် ဖြစ်သော အထဲတွင် ရန်သူ လက်နက်ကိုင်များ ရှိသည်ဟူသော သတင်းကြောင့် ဖြစ်သည်ကို လည်း ပယ်ချခဲ့သည်။ ၁၉၄၇ ဂျီနီဗာ ကွန်ဗင်းရှင်းတွင် မည်သည့် စစ်ဆင်ရေးမျိုး မဆို အပြစ်မဲ့ အရပ်သားများ သေကြေ မည် ဟု ယူဆက ရှောင်ရှားရမည်ဟု ပါရှိပြီး ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။ ယခု စစ်ဆင်ရေးတွင် ခိုင်းစေသူ၊ တာဝန်ယူသူ၊ တိုက်လေယာဉ်မှုး အားလုံး စစ်ရာဇဝတ်မှု များ ကျုးလွန်သည်ဟု ယူဆမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိလာခဲ့သည်။

 

ထိုသို့နိုင်ငံတွင်း အုပ်ချုပ်နေကြသူများက ကလေးငယ်များပါမကျန် ပြည်သူများ အား နှိပ်စက် ဖမ်းဆီး သတ်ဖြတ်နေကြချိန်တွင် ၁၉၇၅ ခုနှစ် နောက်ပိုင်းမှ နိုင်ငံ အဖြစ် တင်းပြည့်ကျပ်ပြည့် ပေါ်လာသည့် ဗီယက်နမ်သည် စီးပွားရေး တိုးတက်မှု နှုန်းတွင် အာရှ-ပစိဖိတ် ဒေသ အတွင်း ခေါင်းဆောင်နေရာ ရောက်ရှိလာနေပြီ ဖြစ်သည်။

 

ရန်ကုန်တွင်တော့ စစ်ဗိုလ်ချုပ်ဟောင်းများ သည် ယခုအခါ ထိတ်လန့်တုန်လှုပ်လာနေပြီး ၎င်းတို့ မိသားစုဝင်များ အတွက် စိုးရိမ်၍ နေပြည်တော်သို့ ရွှေ့ပြောင်းရန် အထုတ်အပိုး ပြင်နေကြပြီဟု ဧရာဝတီ တွင် ရေးသားထားသည်။ ၎င်းတို့အဖို့က ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးပြီး နိုင်ငံတဝှမ်း သန်းချီသော ပြည်သူများ အိုးအိမ်မဲ့ ကစင့်ကလျား ဖြစ်နေသည့် လုပ်ရပ်များကို လက်ခုပ်ဩဘာ ပေးနေကြသူများလည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ထိုသို့ ဖြစ်နေသော်လည်း ၎င်းတို့ ၏ လုံခြုံရေး ကို အရေးတယူ စဉ်းစားခြင်းပင် မပြုတော့၊ အချိန်မရွေး သွားကြည့်လို့ ရသည့် တောင်ငူဘုရင် နတ်ရှင်နောင် ပြဇာတ်ကိုပင် ဗိုလ်မှုးချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရသည့် စနေနေ့ ညမှာပင် မိန့်မိန့်ကြီး သွားရောက် ကြည့်ရှု့နေသူ ဖြစ်သည်။

 

ဤသည်ကား မင်းအောင်လှိုင် ရုရှားမှ ပြန်ရောက်ပြီး နှစ်ပတ် အတွင်း လူမြင်ကွင်းသို့ ပထမဆုံး အကြိမ် ထွက်လာခြင်းလည်း ဖြစ်သည်။ ဆရာရင်း ဖြစ်သူ၏ သတင်းဆိုးကြီး ထွက်ပေါ်လာသော်လည်း စိုးဝင်းသည် မင်းအောင်လှိုင် နှင့် အတူ ပွဲကြည့်နေသည့်အပြင် နောက်နေ့တွင် သူဖာသာ တဦးတည်း သွားကြည့်ပြန်သည်ဟု ၎င်းတို့အား လေ့လာစောင့်ကြည်နေသူများက ဆိုသည်။

 

အားလုံးကတော့ ဘယ်သူသေသေ ငတေမာ လျှင် ပြီးရော သဘောထားနေကြပြီး ငတေသည်လည်း ကြာကြာတော့ မာနိုင်တော့မည် မထင်ပေ။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ပုံတွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ PDF တပ်ဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့ ပုံကို တွေ့နိုင်သည်)