စစ်အာဏာသိမ်း အဖွဲ့ အတွက် ကျရောက်လာနေသော ကြမ္မာဆိုးမျာ

by Hla Soewai - Oct 04 2022

လွိုင်ကော် လေယာဉ်ကွင်း ပစ်ခတ်မှု အား စစ်အာဏာသိမ်း အဖွဲ့မှ စစ်ရာဇဝတ်မှု ဟု ခေါင်းစဉ်တပ်ပြီး အကြီးအကျယ် ထုတ်ဖေါ်ပြောဆိုလာသော်လည်း နောက်ပိုင်း နိုင်ငံတကာ သတင်းများ တွင် မည်သူမျှ ရေးကြီးခွင်ကျယ် လုပ်ပြီး ဖေါ်ပြနေကြသည်ကို မတွေ့ကြရတော့။

 

ကျည်ပေါက်ထွက်ရာ နေရာကို အထင်အရှား မြင်တွေ့နေရပြန်၍ Ballistic expert ကျည်ဆံ နှင့် ကျည်လမ်း ကြောင်း စီစစ်သူ များ အဖို့ အထူးအထွေ အငြင်းပွားနေစရာပင် မလိုပေ။ သို့သော် စစ်ကောင်စီ အဖို့ က ၎င်းတို့ မည်သို့ ထင်ထင် အရေးစိုက်နေမည်လည်း မဟုတ်၊ ၎င်းတို့ အတွက် အရေးကြီးနေသည်မှာ PDF များကို တနိုင်ငံလုံး မှ ဆန့်ကျင်လာရေးပင် ဖြစ်သည်။

 

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့ ၏ Private Army ၊ ထောက်ခံသူ လက်တဆုပ်ခန့် ဖြင့် တနိုင်ငံလုံးကို ရင်ဆိုင် အံတုနေချိန်လည်း ဖြစ်သည်။ ဗီယက်နမ် စစ်ဗိုလ်ချုပ်ကြီး ဗိုလ်ငုယင် ဂီရက်က ပြောဖူးသည်။ “ကျုပ်တို့က မြို့တွေ ရွာတွေကို သိမ်းပြနေစရာ မလိုဘူး၊ ကျုပ်တို့ကို ထောက်ခံတဲ့ ပြည်သူတွေ မြို့တိုင်း လမ်းတိုင်းမှာ ရှိနေလို့ပဲ” ဟူ၍ ဖြစ်သည်။

 

မင်းအောင်လှိုင် မိသားစု ပိုင် တပ်ကြီး အတွင်းလည်း မကြုံဘူးလောက်အောင် အဆိုးဝါးဆုံး အခြေအနေများ နှင့် ဖရိုဖရဲ ဖြစ်စ ပြုလာနေပြီ ဖြစ်သည်။ စစ်အင်အားကို တနိုင်ငံလုံး ဖြန့်ထုတ်ကာ သုံးနေရပြီ ဖြစ်၍ တပ်များကို အလှည့်ကျ အနားပေးဖို့ မရှိ၊ မသေမချင်း တိုက်သွားကြရဖို့သာ ရှိတော့သည်။

 

အခြေအနေကို ပို၍ ဆိုးဝါးအောင် ဖြစ်လာရသည်က ရခိုင်တပ်တော်မှ အနောက်ဖက် စစ်မျက်နှာ ဖွင့်လိုက် ခြင်းပင် ဖြစ်သည်။ ထို့အတွက် ယခုလောလောဆယ် ငြိမ်သက်နေသော ဧရာဝတီ တိုင်း အတွင်းမှ တပ်များကို ဆွဲထုတ် သုံးနေရသည့် အထိ ဖြစ်လာနေသည်ဟု ဧရာဝတီ သတင်းစဉ်တွင် စစ်ရေး လေ့လာသူ တဦးက သုံးသပ်ထားသည်။ စစ်တပ်သည် တပြည်လုံး အနှံ့ တော်လှန် ပုန်ကန်မှုအား ရင်ဆိုင်ရန် ရှေ့လျောက် စစ်အင်အား မည်သို့မျှ လုံလောက်မှု မရှိတော့ခြင်းပင် ဖြစ်သည်။

 

ဦးနုသည် ၁၉၇၀ နောက်ပိုင်းတွင် ပါလီမန် ဒီမိုကရေစီ ပါတီ ကို ထိုင်းနယ်စပ်တွင် ထူထောင်ပြီး ပါတီ၏ လက်နက်ကိုင် တပ်ဖွဲ့များက မြစ်ဝကျွန်းပေါ် သို့ စတင် ထိုးစစ်ဆင်လာခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက် က ဦးနု ၏ အရေးတော်ပုံအတွက် နိုင်ငံတကာမှ ရံပုံငွေများ ရရှိရန် စီအိုင်အေ အေးဂျင့် ဘီလီ ယန်း မှ ကူညီ ရှာဖွေပေးခဲ့၍ ဒေါ်လာ နှစ်သန်းအထိ ရရှိသွားခဲ့သည် ဆိုခြင်းပင်။

 

အမေရိကန် အစိုးရ အသိုက်အဝန်း နှင့် ဆွေးနွေးခဲ့သော NUG ဝန်ကြီးများ က အမေရိကန်တို့ လက်ထဲရှိ ပြည်သူ့ငွေ ဒေါ်လာ တစ်ဘီလီယံကို ပြန်ရနိုင်ရေး အလားအလာ များကို ဆွေးနွေးရာ အမေရိကန် ဖက်မှ ထိုငွေများကို မြန်မာပြည် ပြန်လည် ထူထောင်‌ရေး အတွက် သိမ်းဆည်းထားရခြင်း ဖြစ်သည်ဟု အကြောင်းပြန်ခဲ့ကြောင်း NUG နှင့် နီးစပ်သော သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

 

စစ်ကောင်စီအတွက် ကြမ္မာဆိုးများက စောင့်ကြိုလျှက်ရှိနေပြီဟု Eurasia Review တွင် ဆောင်းပါး တပုဒ် ပါရှိလာခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း ကြားနေရသော စူးရှစွာ အော်မြည်သံကြီး နှင့် အတူ ဗုံးများ ပေါက်ကွဲမှု၊ သေနတ်သံများက အာဏာသိမ်း စစ်တပ် အဖို့ တိုင်းပြည်ကို ထိန်းချုပ်နိုင်ရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရဆဲ ဆိုသည်ကို ပြဆို နေသည့် အသံကြီးများပင် ဖြစ်ပြီး မြန်မာသည် ယခုအခါ ပြည်တွင်းစစ်မီးကြီး လွှမ်းခြုံ လောင်ကျွမ်းလာနေပြီ ဖြစ်သည်ဟူ၍ ဆောင်းပါးရှင်က ရေးသားထားခဲ့သည်။

 

၎င်းတို့အား ထောက်ခံမှု များက မဆင်မခြင် အကြမ်းဖက်မှုများ လုပ်၍ ရတိုင်း လုပ်လာနေသဖြင့် တနေ့တခြား ရေတိုက်စား သလို ပြိုလဲကျဆင်းလာနေသည်။

 

စစ်တပ်သည် လည်း ပရိုဖက်ရှင်နယ် ဖြစ်ဖို့ ဝေးစွ၊ ကိုယ်ပြည်သူကို ကိုယ်ပြန်သတ်နေသည့်အတွက် လူဆိုး လူမိုက်များ မွေ့လျော်ရာ အဖွဲ့အစည်း အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့ အုပ်ချုပ်ခဲ့သည့် အချိန်တရက်စီတိုင်း အတွက် မြန်မာပြည်သူတို့ သမိုင်းတလျှောက်တွင် အမှောင်မိုက်ဆုံး ကာလများ အဖြစ် ပြည်တွင်း ပြည်ပ သမိုင်း ပညာရှင်များက တညီတညွတ်တည်း ကင်ပွန်းတပ်ခံကြရ တော့ မည်ကား မလွဲဧကန်ပင်၊ ထိုသို့သော အမှောင်မိုက်ဆုံး ကာလများတွင် စစ်အာဏာရူးများ၏ နောက်မြီးဆွဲ အဖြစ် မိမိအနေနှင့် ကပြ အသုံးတော်ခံခဲ့ မိပြီလား ဆိုသည်ကိုလည်း ပြန်လည် သုံးသပ်ရတော့မည့် အချိန်ရောက်ပေပြီ။

 

မင်းအောင်လှိုင် ၏နောက် လက်လေးနောက်ပြစ်ကာ ကျို့ကျို့လေးရပ်၊ ရှေ့ရောက်လျှင် လက်အုပ်ချီ ဘဝ နှင့် ပြည်သူများအပေါ် ဆန့်ကျင်ဖက် တွင် ရပ်နေသည့် လူများ အဖြစ် သမိုင်း မှတ်တမ်း အတင်ခံကြမည်လား။

 

အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များက မိမိတို့တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း အပြိုင်အဆိုင် လုပ်နေ ကြချိန်တွင် မြန်မာ အာဏာသိမ်း ခေါင်းဆောင်များ အဖို့ ရုရှား နှင့် ခေါက်တုံ့ခေါက်ပြန် သွားရင်း ပြန်လာသည့် အခါတိုင်း တောင်ပြောမြောက်ပြောနှင့် ဝါးလုံးခေါင်းအတွင်း လသာ နေရ ရှာသူများ ဖြစ်သည်။ ၎င်းတို့ မည်သို့ပင် ပြောဆိုနေစေကာမူ ကုလ သမဂ္ဂ လို ကမ္ဘာ့ အဖွဲ့အစည်းကြီး အနားသို့ပင် ကပ်ခွင့်မရရှာသည့် ဘဝ ကို ရောက်နေရပြီ ဖြစ်သည်။

 

တရုတ်၏ ခါးပတ်လမ်း စီမံကိန်း ကို တန်ပြန်မည့် အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည်လည်း မြန်မာပြည်တွင်းရေး အခြေအနေများ ကြောင့် ထိခိုက်လာနေသည်။ အမေရိကန်သည် လောလောဆယ် တွင် တရုတ်က သံတမန်ရေး အရ ထောက်ခံနေမှုထက် ပိုကဲ မလာမချင်း တုတ်တုတ်မျှ လှုပ်မည် မဟုတ်သော်လည်း လက်ရှိ အနေအထားသည် အမေရိကန်တို့၏ ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းရေးကို အန္တရာယ် ကျရောက်လာ နေသည်။

 

ထိုသို့ အဓမ္မဝါဒီများ ကို မောင်းထုတ်နိုင်မှ ဖြစ်မည်ဟူသော စိတ်သည် အားလုံး၏ ရင်ဝယ် တညီတညွတ်တည်း ကိန်းအောင်းနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!