သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(48)

by Hla Soewai - Oct 04 2022

အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ်

*************

 

အမေရိကန် တော်လှန်ရေး နှင့် ပတ်သက်၍ သတိမူသင့်သည့် က ထိုတော်လှန်ရေးကြီးကို ခေါင်းဆောင်ခဲ့ကြသူများသည် အချိန်သည် ၎င်းတို့ ဖက်တွင် ရှိနေခဲ့သည်ဟူသော အချက်ပင် ဖြစ်သည်။ ဆန့်ကျင်တွန်းလှန်ကြရမည့် အုပ်စိုးသူ များသည်လည်း ဝေးကွာလွန်းသော အရပ်တွင် ရှိနေကြသည်။

 

ထို့အတွက် အမေရိကန်ကို ထူထောင်ခဲ့ကြသူများ အတွက် အချိန် နှင့် နေရာ အသာစီးရနေပြီး စိတ်ကြိုက် ဟောပြော စည်းရုံးကာ လူသူ အင်အားစုဆောင်း နိုင်ခဲ့ကြသည်။ ဤသို့ဖြင့် တော်လှန်ရေး နောက်သို့ လူအများ ကောက်ကောက်ပါအောင် လိုက်လာကြသည် အထိ ဖြစ်လာခဲ့သည်။ အမေရိကားတွင် လာရောက်အခြေချနေထိုင်သူများထဲမှ ၂၀ ရာနှုန်းခန့်သာ ဗြိတိန် အပေါ် ဆက်လက် သစ္စာခံခဲ့ကြပြီး အများစုသည် မိမိတို့ နယ်မြေ အပေါ် သာ သစ္စာရှိဖို့ လိုသည်ဆိုသော အရေးတော်ပုံကို ထောက်ခံလာခဲ့ကြသည်။

 

အမေရိကန် ပြည်ထောင်စုကို စတင်ထူထောင်ပေးခဲ့သည် ဖခင်ကြီးများ ထဲတွင် ပရိသာတ် အုံကြွ ဆူပူလာအောင် လှုံ့ဆော် တရားဟောနိုင်သည့် ဆင်မြူရယ် အဒမ်သည် ထင်ရှားလာခဲ့သည်။ တကယ်တမ်းတွင် ဆင်မြူရယ် အဒမ်သည် တော်လှန်ရေး တွင် အခြေခံ မှစ၍ ပါဝင်လာခဲ့သူ ဖြစ်သည်ဆိုသည်ကို သိသူ နည်းပါးပေသည်။

 

သောမတ်စ် ဂျက်ဖာဆန် ကိုယ်တိုင်ကပင် "လွတ်လပ်ရေး၏ အိမ်ထောင်ဦးစီးကြီး" ဟု ခေါ်ဆိုခဲ့ပြီး သူ၏ ဝမ်းကွဲ ညီ တဦးလည်း ဖြစ်၊ အမေရိကန်၏ ဒုတိယ မြောက် သမ္မတ လည်း ဖြစ်လာသည့် ဂျွန် အဒမ် ကိုယ် နှိုက်က "ဆင်မြူရယ် အဒမ်၏ ထူးခြားသော ပင်ကိုယ် အရည်အချင်း၊ အစွမ်းသတ္တိ ကို ချန်လှပ်ခဲ့မည်ဆိုက အမေရိကန် တော်လှန်ရေး၏ အစစ်အမှန် သမိုင်း အား မည်သို့မျှ ပြည့်စုံစွာ ကဗ္ဗည်းတင်နိုင်ကြလိမ့်မည် မဟုတ်" ဟု ပြောဆိုခဲ့ဖူးပေသည်။

 

ဆင်မြူရယ် အဒမ်သည် မက်ဆာချုးဆက် ရှိ ဘော်စတွန် မြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။ ထိုဒေသ သို့ အင်္ဂလန်တွင် ဘာသာရေး အရ ဖိနှိပ်ခံရ၍ ထွက်ပြေးခိုလှုံလာသူ အများစု အခြေချရာ အရပ်လည်း ဖြစ်သည်။ ထိုသို့ အင်္ဂလန်မှ ရောက်ရှိလာသူများသည် ၎င်းတို့ ယုံကြည်ရာ ကို ကိုးကွယ်ခွင့် မပေးသည်ကို စိတ်မနာပဲ ဗြိတိသျှ နိုင်ငံသားများ အဖြစ် မှတ်ယူထားကြဆဲလည်း ဖြစ်သည်။

 

အဒမ် မွေးဖွားလာသည့် ၁၇၂၂ တွင် ဗြိတိန် နှင့် ကိုလိုနီ များ အကြား ဆက်ဆံရေးသည် ဆက်လက်ခိုင်မာတောင့်တင်းနေချိန်လည်း ဖြစ်သည်။ သို့သော် ပထမမြောက် ချားလ်ဘုရင် နှင့် အင်္ဂလန် ကျောင်းတော်ရာ အပေါ် ပျုရီတန် ဂိုဏ်းဝင် ပရိုတက်စတင့်များ ၏ အစဉ်အဆက် ဆန့်ကျင်လာခဲ့မှုများမှ တဆင့် လှုံ့ဆော်လာမှု များကြောင့် အစိုးရ၏ တာဝန်ယူမှု၊ ကန့်သတ်ခံရမှု များ နှင့် အားနည်းချက်များ ကို အဒမ် သည် တွေ့မြင်လာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ ချားလ်ဘုရင်၏ လုပ်ရပ်များကြောင့် အင်္ဂလန် တွင် ၁၆၄၀ ကျော် နှစ်များအတွင်း ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရသည်ကို ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော အင်္ဂလန်၏ တော်လှန်ရေးတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

 

အင်္ဂလန် သည် နိုင်ငံ အတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ် လာနေသော ဘာသာရေး နှင့် နိုင်ငံရေး တင်းမာမှုများကို ၁၆၈၈ နှင့် ၁၆၈၉ ခုနှစ်များတွင် တော်လှန်ရေးဖြင့် အပြီးအပြတ် ဖြေရှင်းနိုင်ခဲ့ကြသည်။ ဘာသာရေး အရ လိုက်လျောမှု များ နှင့် နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများကို အပ်နှင်း ပေးနိုင်ခဲ့ယုံမက ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု အစိုးရ၏ ကတိကဝတ်များလည်း ရရှိလာခဲ့ကြပြီ ဖြစ်သည်။

 

အဒမ်၏ မိဘနှစ်ပါးသည် ၁၇ ရာစု နှစ်၏ အစောပိုင်း ကာလများ အတွင်း ကမ္ဘာသစ် ရှိရာသို့ အလုံးအရင်း နှင့် ထွက်ခွာလာနေကြသည့် ပျုရီတန် ဂိုဏ်းဝင်များလည်း ဖြစ်ကြသည်။ အဒမ်သည် ဘော်စတွန်ရှိ ကြေးရေတက် အသိုက်အဝန်းတွင် ဘာသာရေး လွန်စွာ ကိုင်းရှိုင်းသူ တဦး အဖြစ် အရွယ်ရောက်လာခဲ့ပြီး လက်တင်ဘာသာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ထိုကျောင်းတွင် နောင်တချိန် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းကို အတူတကွ ရေးထိုးသူများ ဖြစ်လာမည့် အတန်းဖေါ်များနှင့် ဆုံစည်းလာခဲ့သည်။

 

အဒမ် လူလားမြောက်လာသည့် ကာလသည် ၁၇၃၀ ကျော် နှင့် ၁၇၄၀ ကျော် နှစ်များ အတွင်း ပေါ်ပေါက်လာ‌‌ခဲ့‌ သော အမေရိကား၏ နိုးထလာသော ခေတ်ကြီး ဟု ခေါ်ဆိုခဲ့သည့် အမေရိကန် ခရစ်ယာန် သမိုင်းတွင် ဘာသာရေး အယူအဆများ ရှင်သန်လာနေသည့် အချိန်နှင့် တိုက်ဆိုင်နေပြန်သည်။

 

ဤသည်ကား ခြေသလုံးအိမ်တိုင် တရားဟော ဆရာများသည် အယူဝါဒ နှင့် ထုံးတမ်းစဉ်လာများထက် မိမိ၏ ကိုယ်ပိုင် ကိုးကွယ်မှု အပေါ် အခြေခံပြီး အပြစ်မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို သာ ရွေးချယ်ကြရန် လှည့်လည် သိမ်းသွင်းနေသည့် ကာလကို ဆိုလိုရင်း ဖြစ်သည်။ ဘာသာရေး ကိစ္စများတွင် လူတဦးတယောက်ချင်း၏ အရေးပါမှု ကို ပို၍ အလေးထားလာခဲ့ပြီး လူမှုရေးပိုင်းတွင် အစဉ်အလာ ရပ်တည်လာခဲ့သည့် ‌ဆွေစ‌ဉ်မျိုးဆက် ဝါဒ ကို မေးခွန်းထုတ် ဆန်းစစ်လာခဲ့ကြသည်။ အမေရိကန်တွင် ပထမဆုံးအကြိမ် အဖြစ် ခရစ်ယာန်ဘာသာ သည် အကြီးအကျယ် ပျံ့နှံ့လာခဲ့တော့သည်။

 

ထိုသို့ ဘာသာရေး နယ်ပယ်တွင် ဒီမိုကရေစီကို သွတ်သွင်းလာခဲ့မှုကြောင့် အမေရိကန် တော်လှန်ရေး ကာလအတွင်း လွတ်လပ်ခွင့်၊ တန်းတူ ညီမျှ ခွင့် ဖြင့် လက်ရှိ ခေတ်ကြီးကို မှောက်လှန်ပစ်မည့် အတွေးအခေါ်များ ဆင်မြူရယ် အဒမ်တွင် ဖြစ်တည်လာခဲ့ရအောင် အဓိက လှုံ့ဆော်ပေးနိုင်ခဲ့သည့် အကြောင်းခြင်းရာ ပင် ဖြစ်သည်။