မင်းအောင်လှိုင်၏ ဒုတိယ အကြိမ် အာဏာသိမ်းပွဲ

by Hla Soewai - Oct 07 2022

ဦးရဲထွဋ် ၏ ပို့စ်တွင် ပါရှိသည့် “အာဏာဆိုတဲ့အရာ တခုကြောင့် တတိုင်းပြည်လုံး ဒုက္ခ ရောက်ရသည် ဆိုသော တက္ကစီ သမား၏ ပြစ်ပြစ်နှစ်နှစ် ဆဲဆို ညည်းငြူနေသည်ကို ဖတ်ရသည့် အခါတွင်တော့ မင်းအောင်လှိုင် မိသားစု ထမင်းဝိုင်းမှ ကျလာနိုင်သော အရိုးအရင်းများကို မျှော်ကိုးရင်း စားမန်ခုတ်ကြသည့် ပွဲကြီးက နေပြည်တော်တွင် အရှိန်အဟုန် ဖြင့် စတင်နေပြီ ဖြစ်သည်ကို သတိမမူပဲ မနေနိုင်တော့။

 

ထိုသို့ စားမန်ခုတ်ကြမည့် လူများသည် တိုင်းပြည်ကြီး ငါးပါးသာမက သံဃာစင် ပါ မှောက်နေသည့် ဖြစ်ရပ်ကို မည်သို့မျှ နောင်တရဟန် မရှိဘဲ ခွေးခါးတက် မှ နေ၍ မင်းအောင်လှိုင် လှမ်းပေါက်ပေးကောင်း ပေးလာနိုင်သည့် အရိုးအရင်းကို အာသာငန်းငန်း မျှော်လင့်နေကြဆဲ ဖြစ်သည်။

 

ပေးလာသည့် အမိန့်အတိုင်း အမှုတော်ကို ဦးလည် မသုန် ထမ်းရွက်ပါမည်ဟု သူ့ထက်ငါ အလုအယက် ကတိ အထပ်ထပ် ပေးလာကြပေဦးမည်။

 

ယခုပွဲကား မင်းအောင်လှိုင်၏ လက်ညှိုးညွှန်ရာ လိုရာဖြစ်မည့် ရွေးကောက်ပွဲကြီးတွင် ပါဝင်ရမည့် အတွက် အာဏာရဖို့က ကျိန်းသေနေပြီ ဖြစ်သောကြောင့် တိုက်ပွဲကား ပြင်းထန် နိုင်ဖွယ် ရှိသည်။ တသက်လုံး လက် တွဲလာခဲ့သူများ အချင်းချင်း မျက်နှာကို မထောက်နိုင်ကြတော့။ မင်းအောင်လှိုင် အလိုကို လိုက်ရန် ငြင်းဆန် သူများ အဖို့ အဂတိ လာဘ်စားမှု၊ ရံပုံငွေ အလွဲသုံးမှုများဖြင့် အရေးယူခံကြရဖို့သာ ရှိသည်။ လက်ရှိ ဥက္ကဌ ဖြစ်သူ ဦးသန်းဌေးသည် ရာထူးမှ နှုတ်ထွက်ပေးလိုက်ရပြီး ခင်ရီ အား ဥက္ကဌ အဖြစ် ရွေးချယ်လိုက်ကြပြီ ဖြစ်သည်။ ယင်းနှင့် အတူ မင်းအောင်လှိုင်သည် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အာဏာကိုပါ သိမ်းပိုက် လိုက်နိုင်ပြီ ဖြစ်သည်။

 

မိမိ၏ စကားလုံးများသည် ရင့်သီးကောင်း ရင့်သီးမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် လူထု၏ မျက်နှာကို နဲနဲလေးမျှပင် ငဲ့ညှာထောက်ထားရကောင်းမှန်း မသိသူများ အတွက် ပြင်းထန်စွာ တိုက်ခိုက်သွားမည် ဖြစ်သည်။

 

ပြည်သူများအဖို့မှာ သေနတ်ပြပြီး မဲရုံသို့ မောင်းသွင်းခံကြရတော့မည် ဖြစ်၍ လက်မှိုင်ချ အံကြိတ်ကာ အမျိုးသား သစ္စာ ဖောက်များ၏ လုပ်ပွဲကြီး တွင် ပါဝင်ကြရပေဦးမည်။

 

၎င်းတို့ အဘယ်ကြောင့် ရွှင်လန်း တက်ကြွနေကြရသနည်း၊ အဖြေကား ရှင်းလှသည်၊ ခေတ်အဆက်ဆက် စစ်တပ် အုပ်ချုပ်ရေး ဆိုသည်ကား အထက်ပိုင်းသာ မက အောက်ခြေ အထိ အကျင့်ပျက် ခြစားခြင်းကို ခွင့်မပြုပါက မည်သို့မျှ ရှင်သန်နိုင်မည့် အုပ်ချုပ်‌ရေး မျိုး မဟုတ်ဆိုသည်ကို ကောင်းစွာ သိရှိထားကြ၍ ဖြစ်သည်၊ စစ်ဗိုလ်ချုပ်များ နှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား‌စီရင်ရေး အစရှိသည့် ကဏ္ဍများသည် လည်း ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို အပြန်အလှန် အကျိုးပြုပြီး လျို့ဝှက် ကျစ်လစ်စွာ ကြားလေသွေး၍မရအောင် တည်ဆောက် ခဲ့ကြသည်၊ ထိုသို့ တည်ဆောက်နိုင်ရန်လည်း အကျင့်ပျက် ခြစားမှု ဆိုသည်က ခွင့်မပြုပဲ တားမြစ်၍ မရစကောင်း။ ၎င်းတို့၏ အုပ်ချုပ်ရေး စနစ် နှင့် အကျင်ပျက် ခြစားမှုများသည် မည်သို့မျှ ခွဲထုတ်၍ မရအောင် ခိုင်မာနေသည်၊ တခုကို ဖယ်လိုက်က နောက်တခုသည် အလိုလို ပြိုလဲသွားမည့် စနစ်မျိုးသာ ဖြစ်သည်။

 

ထိုသို့သော လူများကိုလည်း မည်သည့်နိုင်ငံက တလေးတစား ဆက်ဆံကြပေဦးမည် နည်း။ လက်ရှိမှာပင် မင်းအောင်လှိုင်အား ဖနွမ်းပင်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားမည် မဟုတ်ဟု ကမ္ဘောဒီယား အစိုးရမှ တရားဝင် အတည်ပြု ကြေညာလိုက်ပြီ ဖြစ်သည်။

 

သို့သော် အာဆီယံသည် မင်းအောင်လှိုင် ကို အနားသို့ အကပ်မခံသည်က လွဲ၍ အခြား ထိရောက်သည့် ဖိအား ပေးမှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။

 

နိုင်ငံတကာ စနစ်သည် နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်စိုးမှု၊ လုပ်ပိုင်ခွင့်များ တွင် သူ့စည်းကိုယ့်စည်း သတ်မှတ်ထားမှုများ အပေါ် အလေးပေး တည်ဆောက်ထားခြင်း ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုသည်ကလည်း အချင်းချင်း ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှု မရှိခြင်း စသည့် အားနည်းချက်များကို အခွင့်ကောင်းယူကာ အာဏာရှင်တို့ အတွက် ခိုအောင်းစရာ ဂလိုင်များ ဖြစ်လာရခြင်းပင်။

 

အမေရိကန် သံအမတ်ဟောင်း စကော့ မာစီယယ်မှ သူ၏ တွစ်တာ တွင် မင်းအောင်လှိုင်၏ ရွေး‌ကောက်ပွဲ ကို အာဆီယံ မှ အသိအမှတ် မပြုရန် အရေးတကြီး လိုအပ်နေသည်ဟု ရေးသားလာခဲ့သည်။ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ဖြင့် တရားဝင် အစိုးရ ဖြစ်လာပြီး နိုင်ငံတကာက ပြန်၍ ဆက်ဆံလာကြလိမ့်မည်ဟု မျှော်လင့်နေပြီး ၎င်းအား ထောက်ခံသူများကလည်း ထိုအတိုင်းပင် ယုံကြည်နေကြသည်။

 

ထို့သို့ ပြုလုပ်ရန် အာဆီယံ အတွက် အချိန်ကျရောက်လာနေပြီ ဖြစ်သည်။

 

မေးစရာ ရှိလာသည်မှာ မင်းအောင်လှိုင်သည် တပ်ကို စွန့်ပြီး သမ္မတ လုပ်ရဲမည်လော ဆိုသည်ပင်။ ဤသည် ကလည်း စစ်တပ် ကို သူ့အနေဖြင့် မည်မျှ အထိ စိတ်ချရမှု အပေါ် မူတည်နေသည်။ အာဏာရှင် အဖို့ တပ်ကို လက်လွှတ်လိုက်ရခြင်းသည် အာဏာ ယုတ်လျော့ကျဆင်းသွားခြင်းသာ ဖြစ်ပေမည်။

 

ထို့အတွက် ခင်ရီ အား ငယ်ကျွန်ကြီးသဖွယ် သမ္မတ လုပ်စေကာ စစ်တပ် မှ တဆင့် ကြိုးကိုင်သွားဖို့က ဖြစ်နိုင်ချေ များနေသည်။ ဤသည်ကို တွက်ဆမိဟန် ရှိ၍လည်း ကြံဖွတ်များ အူမြူးနေကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ အဖို့ ငါးထောင်စား လူမိုက် များကို ဦးဆောင်သွားရမည့် ကံကြမ္မာ နှင့် အလောင်းအစား လုပ်နေ ကြသည့် အဆင့်တွင်သာ ရှိနေပေသေးသည်။

 

နောက်တချက်ကား မင်းအောင်လှိုင်သည် သူ သမ္မတ ဖြစ်လာပါက သွားလေရာတွင် ကော်ဇော်နီ ခင်းကာ အမြှောက် ၂၁ ချက် ပစ်ဖေါက် ဂုဏ်ပြုရမည့် အရေး တွေးပြီး လက်လွှတ်ခံဖို့ မရှိဟုလည်း ယူဆရသည်၊ ထိုအ‌ရေးကို ကပျက်ယရက် လုပ်ကြမည့် ဂိုဏ်းကို ခင်ရီအား လွှတ်ပြီး အပြီးအပိုင် ရှင်းလင်းခိုင်းခြင်းမျိုးလည်း ဖြစ်နိုင်သည်။

 

မည်သည့် အကြောင်းကြောင့်နှင့် ဖြစ်စေ တိုင်းပြည်၏ အနာဂတ်သည် ရှေ့လျောက် စုံးစုံးမြုပ်ဖို့သာ ရှိပေသည်။

 

ဉီးသန်းဌေး၏ မိန့်ခွန်း တွင် ဥက္ကဌ အဖြစ် နှုတ်ထွက်ရသည့် အကြောင်းရင်းများထဲမှာ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်အောင် ဦးဆောင်မှု မပေးနိုင်ခဲ့ခြင်း ကြောင့်ဟု ပါဝင်နေရာ ၎င်းအနေဖြင့် အဆိုပါ ရွေးကောက်ပွဲသည် မဲသမာမှု များ ရှိသည် ဆိုသော မင်းအောင်လှိုင်၏ အကြောင်းပြချက် ကို လက်မခံ ဆိုသည်ကို သွယ်ဝိုက် ပြောဆိုသွားခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ပါတီဝင် နှစ်ထောင်ကျော် အသတ်ခံရမှု အတွက်လည်း ထိရောက်စွာ အကာအကွယ် မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဦးသန်းဌေး၏ စကားများသည် မည်သူ့ကို ရည်ညွှန်းကြောင်း အတိုင်းသား ပေါ်လွင်နေပေသည်။

 

မင်းအောင်လှိုင်သည် ယနေ့ ရန်ကုန်တွင် စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံရာ အခွန်အပြည့်အဝ ထမ်း ဆောင်ကြဖို့ တိုက်တွန်းနေချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ မန္တလေးရှိ စစ်ကောင်စီ မှ တရားမဝင် သိမ်းယူထားသော မြေကွက် ပေါင်း ၉၈၀ ကို လေလံတင် ရောင်းချရာ ၅၇၉ ကွက် အတွက် အမေရိကန် ဒေါ်လာ ၉ သန်းအား နာရီ ၆၀ အတွင်း ရရှိသွားခဲ့ပြီဟု သတင်း အတည်ပြုချက်များ ထွက်ပေါ် လာသည်။

 

ထိုမျှလောက် များပြားသော ပမာဏ ကို တိုတောင်းသည့် ကာလ အတွင်း ရရှိသွားခဲ့ခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များမှ တဖက်လှည့် နှင့် အလုအယက် လေလံဆွဲခဲ့ခြင်းကြောင့်သာ ဖြစ်ပေမည်။ ဤသည်ကို ကြည့်လျှင် စီးပွားရေး လုပ်ငန်းရှင်များပင် ၎င်းတို့ အပေါ် အယုံအကြည် မရှိ ဖြစ်လာသည်က တကြောင်း၊ ယုံယုံကြည်ကြည် ရင်းနှီးမြှုပ်နှံ၍ ရမည့် လုပ်ငန်း ကိုင်ငန်းများ မရှိ ဖြစ်လာနေသည်က တကြောင်း တို့ကြောင့် ဖြစ်မည်ဟု ယူဆရပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!