အကြမ်းဖက် စစ်တပ် အဖို့ လေယာဉ်ဆီ ပြတ်ကိန်းကြုံပြီ

by Hla Soewai - Oct 09 2022

ဓမ္မမှ အဓမ္မ ကို အနိုင်ယူနိုင်ခဲ့သည့် လုပ်ရပ်အဖြစ် စင်္ကာပူ အခြေစိုက် လေယာဉ်ဆီ ရောင်းချသည့် ပူးမား ရေနံ ကုမ္ပဏီ သည် အကြမ်းဖက် စစ်ကောင်စီအား လေယာဉ်ဆီ တင်ပို့ ရောင်းချမှု လုံးဝ ပြုလုပ်တော့မည် မဟုတ်ဘဲ နိုင်ငံတွင်းရှိ ရှယ်ယာများအား ပြည်တွင်း ကုမ္ပဏီ တခုကို အပြီးအပိုင် ရောင်းချပြီး ပတ်စာခွာ ဖျာသိမ်း သွားခဲ့ပြီ ဖြစ်သည်။

 

မြန်မာ စစ်တပ်မှ စာသင်ကျောင်းအား ရဟတ်ယာဉ်များ နှင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည့် အမှု မျိုးတွင် တရားခံ အဖြစ် ပါဝင်လိုဟန် မရှိတော့သည့် ပြယုဒ်အဖြစ် ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံရပေသည်။

 

ပူးမားသည် ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံတွင်းသို့ လေယာဉ်ဆီများ အဓိက ဖြန့်ဖြူးရောင်းချပေးနေသည့် ကုမ္ပဏီကြီး ဖြစ်ပြီး အာဏာသိမ်းပြီး နောက်တွင်ပင် အရပ်ဖက်သုံး အတွက် ဆိုကာ ဆက်လက်ရောင်းချပေးနေဆဲ ဖြစ်သည်။

 

အာဏာရှင် လက်အောက်တွင် အရပ်ဖက်၊ စစ်ဖက်ဟူ၍ ခွဲခြားနိုင်စွမ်း မရှိတော့သည့် အဖြစ်ကို ရိပ်စားမိသွား ခဲ့ကြလေသည်။

 

ပူးမားသည် ဆွစ်ဇာလန် ပိုင် ထရာဖာဂေါရာ ကုမ္ပဏီ ကြီး၏ လက်ခွဲ လည်း ဖြစ်ပြီး လေယာဉ်ဆီ အပြင် လောင်စာဆီ၊ ချောဆီ၊ ဘီကျုမင် များပါ ကမ္ဘာအနှံ့ ဖြန့်ဖြူးလျှက် ရှိသည်။

 

ဤသည်ကား မြန်မာအရေး အတွက် ပြည်ပတွင် တက်ကြွစွာ လှုပ်ရှား တိုက်ပွဲဝင်နေကြသော အရပ်ဖက် လူ့အဖွဲ့အစည်း များ အတွက် အောင်ပွဲပင် ဖြစ်သည်။ ဆက်လက်ပြီးလည်း ကျန်ရှိနေသည့် ရေနံကုမ္ပဏီကြီး များအား မြန်မာနိုင်ငံမှ ထွက်ခွာကြရန် တွန်းအားပေးနေဆဲ ဖြစ်သည်။

 

တိုက်လေယာဉ်များ နှင့် ရဟတ်ယာဉ်များသာ အားကိုးပြီး တိုက်နေရသော စစ်ကောင်စီ အတွက် အရေးတကြီး လိုအပ်နေသော လေယာဉ်ဆီများသည် စင်္ကာပူ နှင့် မလေးရှား မှ သင်္ဘောများ နှင့် ဝင်ရောက်လာလျှက် ရှိနေ သည်။

 

ထိုင်းနိုင်ငံ တွင် ယနေ့ဖြစ်ပွားခဲ့သော နေ့ကလေးထိန်း စင်တာကို ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးသူငယ် ၂၀ ဦး အပါအဝင် လူပေါင်း ၃၇ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် လက်ယက်ကုန်း ရွာ စာသင်ကျောင်း တိုက်ခိုက် ခံရ မှုမှာ အခြေခံ သဘောသဘာဝ ခြင်း တူညီနေသည် မဟုတ်ပါလော။

 

ကွာခြားချက်မှာ မြန်မာပြည်တွင် နိုင်ငံတော် ဆိုသည်က ကမကထ ပြုပြီး ကျူးလွန်နေခြင်းပင် ဖြစ်သည်။

 

နောက်ထပ် သတင်းတပုဒ်အရ ဂျပန် မှ အလွတ်တန်း ဗီဒီယို သတင်းထောက် အသက် ၂၆ နှစ်အရွယ် မစ္စတာ တိုရူ ကူဘိုတာ ကို ၁၀ နှစ် ထောင်ဒဏ်ချမှတ်လိုက်ပြန်သည့် သတင်းသည် လည်း ကမ္ဘာမီဒီယာ များ တွင် ဖေါ်ပြလာကြသည်။

 

စစ်ကောင်စီသည် ပြည်သူ့တော်လှန်‌ရေး အား အမြန် ရိုက်ချိုး ချေဖျက်ချင် ဇော ကပ်နေသဖြင့် ရှိသမျှ ဂုဏ် သိက္ခာ ကို ခဝါချပြီး လုပ်ကိုင်နေကြရသည့် အတွက် အရိုးပေါ် အရေတင် ဘဝ ရောက်နေပြီ ဖြစ်သည်။ လွင့်စင်သွားခဲ့ရသော ဂုဏ်သိက္ခာများအပေါ် အဘယ်သို့များ ပြန်၍ ဆယ်ယူရနိုင်ပေဦးမည်နည်း။

 

၎င်းတို့ အာဏာ ဆက်လက် လုပ်ကိုင်ခွင့် ရရေး အတွက် ယဉ်ကျေးသော လူ့အသိုက်အဝန်းအနေနှင့် မည်သို့မျှ လက်မခံနိုင်သော လက်နက်အားကိုး တခုတည်းဖြင့် နိုင်ငံသားများကို ရက်စက်စွာ သတ်ဖြတ် ဖမ်းဆီးနေသည့် အဖြစ်သို့ ရောက်နေရပေပြီ။

 

ယနေ့တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စစ်ကောင်စီ၏ လက်နက်ပွဲစား တဦး ဟု ယူဆရသည့် အောင်မိုးမြင့် နှင့် ၎င်း၏ ကုမ္ပဏီ ဖြစ်သော Dynasty International ၏ ဒါရိုက်တာ နှစ်ဦး၊ ပေါင်း သုံးဦးအား ထပ်မံ ဒဏ်ခတ် အရေးယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

အဆိုပါ ကြေညာချက် တွင် အီးယူ နှင့် ဗြိတိန်မှ ဒဏ်ခတ်ထားခံရပြီး ဖြစ်သော အောင်မိုးမြင့်သည် အကြမ်းဖက် စစ်တပ် အတွက် “လက်နက်အမျိုးမျိုး၊ ဒုံးကျည်များ၊ လေယာဉ်များ ကို ကြားမှ တဆင့် ဝယ်ယူနိုင်ရန် စီစဉ် ပေးနေသူ ဖြစ်သည်ဟု ဆိုသည်။

 

အစ္စရေး ၏ အထင်ကရ သတင်းစာကြီး ဖြစ်သော Haaretz သည် ရက်စက်ကြမ်းကြုပ်လှသော မြန်မာ စစ်တပ်နှင့် အစ္စရေး အစိုးရမှ စီးပွားရေး အခွင့်အလမ်း အဖြစ် ရှုမြင်၍ ပူးပေါင်း ဆောင်ရွက်နေသည်မှာ ကာလကြာမြင့် လှပြီ ဖြစ်သည်ဟု ယခုအခါ လျို့ဝှက် အဆင့်မှ လျော့ချပေးခဲ့သော ဖိုင်တွဲများကို ကြည့်၍ ဆောင်းပါးရှည်ကြီး တပုဒ်ဖြင့် ဝေဖန်ရေးသားလာခဲ့ပြန်သည်။

 

၎င်းတို့ အပေါ် နောက်ထပ် ကျရောက်လာမည့် ကြမ္မာဆိုး တခုက အသင့်စောင့်ကြိုနေပြီ။ ဤသည်ကား ယခုလ အတွင်း နိုင်ငံတကာ ဘဏ္ဍာရေး အထူး အဖွဲ့၏ နာမည်ပျက် စာရင်း အသွင်းခံရမည့် အရေးပင် ဖြစ်သည်။ ထိုသို့ တကမ္ဘာလုံးမှ ဝိုင်းပယ်ခံနေရသော အဖွဲ့အား ပြည်တွင်း တွင် ဝိုင်းဝန်း ထောက်ခံမှု ပေးနေကြသည့် လက်တဆုပ် စာ အင်အားစုများသည် မည်မျှ အထိ စိတ်ဓါတ်များ ဖေါက်ပြန်နေကြသလဲ ဆိုသည်မှာ အထင်းသား တွေ့မြင် နေရသည်။

 

မင်းအောင်လှိုင်၏ ပြည်မြို့ မှာ ပြောကြားသည့် စကားထဲတွင် ရုရှား ခရီးသွားများ အလုံးအရင်း နှင့် ဝင်‌ရောက် လာတော့မည် ဟု ထည့်၍ပြောသွားရာ တရုတ်အား သိသိသာသာ ချန်လှပ်ထားခဲ့သည်က ထူးခြားနေပေသည်။

 

မြန်မာ တော်လှန်ရေး အင်အားစုများသည် မည်သည့် နိုင်ငံ၏ အကူအညီ တပြားတချပ်၊ ကျည်တတောင့်ပင် မပါဘဲ တိုက်ပွဲဝင်နေသည်မှာ အရှိန်ရလာနေပြီ ဖြစ်ကြောင်း အယ်ဂျာဇီးယား သတင်းဌာနမှ ၂၅ မိနစ်ကြာ ဗီဒီယို ဖိုင် ထုတ်လွှင့်ပြသလာခဲ့သည်။ (ပုံတွင် တွေ့နိုင်သည်)

 

ထိုသတင်းစဉ်တွင် ယခုအခါ လက်နက်ကိုင် တိုက်ပွဲဝင်လျှက် ရှိနေသော PDF တပ်ဖွဲ့ပေါင်း ၂၄၅ ဖွဲ့ ရှိနေပြီး သုံးပုံတပုံသည် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် လက်တွဲ တိုက်ခိုက်လျှက် ရှိနေသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!