အမျိုးသား ညီညွတ်ရေး အစိုးရ၏ စစ်မျက်နှာ (၆) ခု ဆိုသည်က...

by Hla Soewai - Oct 11 2022

လာမည့် နှစ်သည် တိုင်းပြည်၏ အနာဂတ်ကို အပြီးသတ် အဆုံးအဖြတ် ပေးမည့် တိုက်ပွဲကြီးအား စစ်မျက်နှာ (၆) ခု ဖွင့်ကာ ဟန်ချက်ညီညီ ထိုးစစ်ဆင်တော့မည် ဖြစ်၍ ခက်ခဲသည့် ခရီးကြမ်း အတွက် အသင့်ပြင်ဆင်ထားရန် အမျိုးသား ညီညွတ်ရေး အစိုးရ မှ ယနေ့ ထုတ်ပြန်ကြေညာလာခဲ့သည်။

 

သို့သော် ပြည်သူများ မျှော်လင့်ထားသည့် စစ်မျက်နှာ မျိုး တော့ မဟုတ်၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေး၊ ပြည်သူလူထု ဆက်ဆံရေး နှင့် နိုင်ငံတကာ ရေး အစရှိသည်များ တွင် ထိုးစစ်ဆင်မည် ဖြစ်၍ ယခုလည်း လုပ်နေကြတာပဲ မဟုတ်ပေလော ဟု သို့လော သို့လော ဖြစ်နေကြမှု အား “အရှိန်မြှင့်၍” ဟု စကားတလုံးဖြင့် အားတက်ကြရပေဦးမည်သာ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ တနှစ်အတွင်း အပြီးသတ် တိုက်ပွဲဟု ရဲရဲတောက် ကတိပေးသွားခဲ့ပြီ ဖြစ်သည်။

 

တိုင်းပြည် အေးချမ်း တည်ငြိမ် တိုးတက်နေပြီး အသစ် ထွက်ပေါ်လာမည့် လွှတ်တော် ကြီး ၏ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ချက်များကို နောက်တနေ့တွင် ကြည့်ရတော့မည်ဟူသော အတွေးဖြင့် အိပ်ယာထဲ ဝင်သွားကြသည့် ပြည်သူများ အဖို့ မနက် အိပ်ယာ နိုးလာချိန်တွင်တော့ မင်းအောင်လှိုင်၏ ပြည်ဖျက် လုပ်ရပ်များ ကြောင့် မှောက်မိုက်ခက်ခဲသည့် ခရီးကြမ်းကို စတင် လျှောက်လှမ်းနေကြရပြီး ဖြစ်သည်။

 

လက်ရှိတွင် စစ်ကောင်စီ၏ ငရဲခန်းများ အတွင်း အသက်ပေးသွားခဲ့ရသူ ပေါင်း (၂၇၀) အထိ ရှိလာနေပြီ ဖြစ်သည် ဟု လန်ဒန်ရှိ Burma Human Rights Network (BHRN) မှ ၎င်းတို့ ကောက်ယူထားသော စာရင်းဇယားများ ကို ထုတ်ပြန်ခဲ့သည်။

 

မင်း‌အောင်လှိုင်သည် မကြာခင်က ၎င်း၏ တပ်များ တရက်အတွင်း လူ ၈၀ ကျော် သတ်ဖြတ်ခဲ့သော ပဲခူးမြို့သို့ ဟန်မပျက် ရောက်ရှိလာခဲ့ပြီး စစ်တပ်ကို လူထုက အကောင်းမမြင်ခဲ့ကြခြင်းသည် ယခင် နဝတ အစိုးရ အဆက်ဆက် အုပ်ချုပ်ရေး အမှားများ ကြောင့် ဖြစ်ခဲ့ရကြောင်း ပြောဆိုသွားခဲ့သည်။ ဤသည်က ဗိုလ်သန်းရွှေ အား ပထမဆုံးအကြိမ် ဝေဖန်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ထို့အတွက် လက်ရှိ စစ်တပ် နှင့် လူထု အကြား ဆက်ဆံရေး တိုးတက်အောင် လုပ်ရမည် ဟု ဆိုသည်။

 

ထို့အတွက် ကြောင့် ပေလော မသိ၊ စစ်တပ်မှ ဦးစီးပြီး ဈေးရောင်းပွဲ များ ပြုလုပ်ရာ ရန်ကုန် မြို့လယ်ခေါင် ပြည့်သူ ရင်ပြင်တွင် ရွာ ဘုရားပွဲလောက် စည်ကားမှု မရှိဘဲ ပြီးဆုံးသွားသည်ကို တွေ့ရသည်။ (ပုံတွင် ရှု့)

 

ပြည်သူများ၏ အမုန်းတရားကို စစ်တပ်မှ မျက်မြင်ထင်ရှားအောင် ၎င်းတို့ဖာသာ ပြုလုပ်လာသည့် ပွဲများ အဖြစ် ကြိုဆိုရပေမည်၊ မိမိတို့ဖက်မှ ပူးပေါင်း ပါဝင်မှု မရှိအောင်သာ ဂရုစိုက်ရမည် ဖြစ်သည်။

 

တိုင်းပြည် ကို အုပ်ချုပ်မည် ဆိုသူ အဖို့ ဘာကိုမျှ မသိနိုင်၊ မမြင်နိုင်၊ ပြောချင်ရာ ပြောနေသော်ငြားလည်း အောက်ခြေ မှ စစ်သည်များ နှင့် ရဲများကတော့ ကောင်းစွာ သိမြင်နေကြပြီ။ ၎င်းတို့ အဖို့က ရုန်းမထွက် နိုင် ဖြစ်နေရပြီး လူထု အပေါ် ပို၍ ရန်လိုလာကြခြင်း ဖြစ်သည်။ အားလုံးကို မသင်္ကာစိတ်ဖြင့် ဆက်ဆံလာ ကြသည်။

 

ပြည်တွင်း ပြည်ပမှ သူများသည် ပြည်သူများ အကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို လိုအပ်သမျှ တတ်စွမ်းသမျှ ပံ့ပိုးပေးလာနေသည်မှာ အရှိန်လျော့ကျသွားခြင်း မရှိပေ။

 

ထိုအဖြစ်ကို မင်းအောင်လှိုင်က မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့သနည်း ဆိုမူ ပြည်သူများကို အကာအကွယ် ယူ၍ “အကြမ်းဖက်မှုများ” ကျူးလွန်နေသည်ဟု ဆိုသည်။ ထို့ကြောင့် ပြည်သူများ နှင့် လက်တွဲပြီး ချေမှုန်းသွားရ မည်ဟု ပင် ပြောလာခဲ့သည်။

 

မင်းအောင်လှိုင်သည် ယခုထက်တိုင် သူ၏ စိတ်ကူးယဉ် ပူပေါင်း ကြီးထဲက မထွက်နိုင်သေးသည့် နောက်ထပ် ပြယုဒ် အဖြစ် တိုင်းပြည်၏ စီးပွားရေး ဦးမော့လာပြီဟု ဆိုပြန်သည်။

 

အလုပ်လက်မဲ့များ တောင်ပုံရာပုံ ရှိနေခြင်း၊ လူနေမှု စရိတ်များ မြင့်တက်လာခြင်း၊ အခြေခံစားကုန်များ၊ ဆေး ဝါးများ၊ လောင်စာဆီ နှင့် အခြားလူသုံးကုန် ဈေးနှုန်း များ ကြီးမြင့်လာခြင်း၊ ဘဏ်လုပ်ငန်းများ ယခုတိုင် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေဆဲ အနေအထား နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ ရောက်မလာတော့သည့်အပြင် ရှိပြီးသားများပင် ရောင်းချ ထွက်ခွာနေသည့် အဖြစ် များ ရှိနေပါလျှက် နှင့် ထိုသို့ ပြောဆိုနေခြင်းသည် ယဉ်ယဉ်လေး နှင့် စိတ်ဖေါက်ပြန်နေခြင်းလော၊ ထိုသို့ မဟုတ်လျှင် လူထုကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖျား ပြောဆိုနေခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

 

မင်းအောင်လှိုင် မှ ထိုသို့ လက်တွေ့ အဖြစ်အပျက်များ နှင့် ကင်းကွာအောင် ပြောဆိုလာသည့် အခါတိုင်း စစ်တပ်၏ ဝါဒ ဖြန့်ချီ‌ရေး စက်ယန္တရားကြီး သည် လူထု အကြိုက် သတင်းအတု အယောင်များ ထုတ်လွှင့်ကာ အာရုံ ပြောင်း ပေးနေရရှာသည့် အလုပ်က ပိုလာစမြဲ ဖြစ်သည်။ လူထုကလည်း အလွယ်တကူ စီးမျောသွား သည်ကို တွေ့ရသည်။ ဥပမာ ဆိုရလျှင် မင်းအောင်လှိုင် ထိုသို့ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန်၊ ပြည် တို့တွင် ခရီး လှည့်နေစဉ် အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင် အဖမ်းခံလိုက်ရပြီ ဆိုသည့် သတင်း ကို လှိုင်လှိုင်ကြီး ထုတ်လွှင့်လာခဲ့ကြသည်။

 

စစ်တပ်သည် ဘုရားတည်ခြင်း၊ လာဘ်စားခြင်း၊ ဆွေမျိုးသားချင်း များ ကောင်းစားအောင် လုပ်ပေးခြင်း အစရှိသည် တို့တွင် လွန်စွာ ထူးချွန် ပြောင်မြောက်စွာ လုပ်နိုင်စွမ်း ရှိသူများ အဖြစ် သမိုင်း အဆက်ဆက် သက်သေပြနိုင်ခဲ့ကြသူများလည်း ဖြစ်နေသည်။

 

ပြည်သူများ အနေဖြင့် ပြည်ပမှ ၎င်းတို့အား အဖက်လုပ် ဆက်ဆံမနေသည်ကိုပင် ကူညီပေးနေသည်ဟု သဘော ထားကြရပြီး အောင်ပွဲ အမြန်ရနိုင်ရေး အတွက်သာ မိမိတို့ အစွမ်းအစ ဖြင့် ကြိုးပမ်းကြ ရမည် ဖြစ်သည်။

 

တိုင်းပြည်အား ထိန်းချုပ်နိုင်မှုသည် တဖြေးဖြေး နှင့် မြို့ပေါ် အဆင့် လောက်တွင်သာ ရှိတော့သဖြင့် မင်းအောင် လှိုင် ၏ စီစဉ်ထားသော ရွေးကောက်ပွဲသည် မည်သို့မျှ မဖြစ်နိုင်မှန်း အောက်ခြေမှ သိရှိနေပြီး ဖြစ်သော်လည်း ၎င်း သမ္မတ အဖြစ် တရားဝင် ကြေညာနိုင်မည့် တခုတည်းသော နည်းလမ်း အဖြစ် ယူဆထားပြီး ဖြစ်၍ မဖြစ်ဖြစ်အောင် လုပ်ခိုင်းပေတော့မည်။

 

ခြိမ်းခြောက် အကျပ်ကိုင်မှု နည်းမျိုးစုံဖြင့် ပြုလုပ်လာမည့် ရွေးကောက်ပွဲရလဒ်ကို တရုတ်ပင် အသိအမှတ်ပြုဖို့ ခဲယဉ်းနေမည် ဖြစ်ပြီး ကုလ သမဂ္ဂ နှင့် အမေရိကန်၊ အနောက်နိုင်ငံများက အလိမ်အညာ များ သာ ဖြစ်သည်ဟု ကြိုတင်သတိပေးလာခဲ့သည်။

 

ထိုသို့သော ပုံစံမျိုးဖြင့် သမ္မတ ဖြစ်လာမည့်သူကို မည်သူမျှ ဖက်လှဲတကင်း ဆက်ဆံကြမည် လည်း မဟုတ် သဖြင့် မင်းအောင်လှိုင်၏ အနာဂတ်သည် ၎င်း မျှော်လင့်ထားသလို ဖြစ်မလာဘဲ ရေစုံမျောပေတော့မည်။ သူ၏ အချိန်များသည် လက်နက်အားကိုးဖြင့် သာ ဆွဲဆန့်နေရသည့် အနေအထား ဖြစ်နေသည်။

 

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံပါ လွတ်လပ်ပြီး တက်ကြွသည့် ဘက်မလိုက် နိုင်ငံခြားရေး ဝါဒ အား ကျင့်သုံးရေး ဆိုသည်ကို ချိုးဖောက်ကာ ရုရှားမှ ယူကရိန်းအား ကျုးကျော်မှု ကို ပြောင်ပြောင်ကြီး ထောက်ခံ အားပေးလာခဲ့၍ အာရှတွင် ထိုသို့ အားပေးသည့် နိုင်ငံဟူ၍ မြန်မာ နှင့် မြောက်ကိုရီယားသာ ရှိပေသည်။ အကယ်၍ ပူတင်သည်သာ နျူလက်နက် ထုတ်သုံး၍ တိုက်ခိုက်လာပါက မင်းအောင်လှိုင်သည်လည်း ၎င်း၏ ထောက်ခံခဲ့မှု ၏ ခြောက်လှန့်ခြင်းကို ခံရပေဦးတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

အချက်အလက် ကိုးကား - ဧရာဝတီ သတင်းစဉ်

 

ဓါတ်ပုံ - မြန်မာနောင်း