သီတင်းကျွတ်ပြီ

by Hla Soewai - Oct 12 2022

သီတင်းကျွတ် လပြည့်နေ့ အခါသမယ တွင် ဘုရားသွား ကျောင်းတက် ဖြင့် စည်ကားနေမှုများကို ပြစ်တင် ဝေဖန်မှု များ ရှိနေကြသည်။

 

ထိုသို့ သွားရုံဖြင့် လူများ၏ စိတ်သည် ပျော်ရွှင် ကြည်နူးပြီး တော်လှန်‌ရေးကို မေ့ပျောက်သွားကြလေပြီ ဟု တော့ အလွယ်တကူ ယူဆ၍ မရပေ။ အားလုံးမှာစိတ်များ ညစ်နူး မွန်းကျပ်လာကြပြီ ဖြစ်၍ အခါကြီး ရက်ကြီးတွင် ဘုရားရိပ် တရားရိပ် ခိုလှုံလာကြခြင်းလည်း ဖြစ်ပေမည်။ ထိုအထဲတွင် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းပြီး မြန်မာပြည်ကြီး အမြန် ငြိမ်းချမ်းပါစေ ဟု ဆုတောင်းမည့်သူများက ၉၀ ရာနှုန်း ပါဝင်နေကြမည် ဖြစ်သည်။

 

ယခုကား ဗုဒ္ဓဘာသာတို့၏ အခါကြီး ရက်ကြီး ဖြစ်၍ ထိုသို့ ပြစ်တင်ဝေဖန်သူများကို အမျိုးဘာသာ သာသနာ ဆိုသော အဖွဲ့များ မှ ကိုယ်လိုရာဆွဲကာ တုန့်ပြန်လာနိုင်ပေသည်။

 

တကယ်တမ်း စဉ်းစားကြည့်လျှင် ထိုသို့ ဘုရားသွား ကျောင်းတက်သူများ အားလုံးသည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ အသံတိတ် သပိတ် တိုက်ပွဲ ခေါ်သံကို တိတိကျကျ လိုက်နာ ပြီး ပါဝင် ဆင်နွှဲခဲ့ကြသူများ ဖြစ်သည်။

 

စစ်အာဏာရှင်များ ဖန်တီးသော ဈေးရောင်းပွဲတော်ကို အနားသို့ပင် မသီကြသူများလည်း ပါဝင်နေသည်။

 

ဤသည်ကို မိမိတို့ ခွဲခွဲခြားခြား သိမြင်ဖို့ လိုသည်။ အာဏာသိမ်း အဖွဲ့ကို ထောက်ခံနေသယောင် ပြောဆို ဝေဖန်မှုများသည်လည်း စိုးရိမ်ကြောင့်ကြမှုများ ကြောင့်သာ ဖြစ်သည်။

 

တကယ်တမ်းတွင် စိုးရိမ်စရာများက ရှိနေသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ရွေးချယ်ရေး အဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက် ထားရှိ‌ရေး ဆုံးဖြတ်ရန် ရှိနေမှု၊ လာမည့် အာဆီယံ ခေါင်းဆောင်များ အစည်း အဝေးတွင် အာဏာသိမ်း ခေါင်းဆောင်များ အပေါ် ပိုမို ပြင်းထန်စွာ ကိုင်တွယ်ဖို့ ရှိနေသည့် အရေးများ၊ ကမ္ဘာ ဘဏ္ဍာရေး ဆိုင်ရာ ရာဇဝတ်မှု များ ကိုင်တွယ်သည့် အဖွဲ့ကြီးမှ မြန်မာပြည်ကို နာမည်ပျက်စာရင်း ထည့်သွင်းပြီး တင်းကျပ်သည့် စည်းကမ်းများ ချမှတ်လာမည့် အရေး တို့အတွက် ဗုဒ္ဓဘာသာဝင် မဟုတ်ကြသော ကမ္ဘာ့အမြင်တွင် တမျိုးတမည် ယူဆသွားကြမည်ကို စိုးရိမ်သင့်မည်ဆိုက လည်း စိုးရိမ်သင့်လှပေသည်။

 

အခါကြီးရက်ကြီး ဘုရားသွားရုံမျှ နှင့် စစ်ကောင်စီ မှ ပြည်သူများ ပျော်ရွှင် နေကြပြီ ဟု ဝါဒဖြန့်၍ ရသွားနိုင်သည့်အတွက် စိုးရိမ်ကြောင့်ကြ မှု ဖြင့် အပြစ်တင်နေခြင်း ဖြစ်သော်လည်း ၎င်းတို့ လက်အောက်တွင် ကရိုနီ မှ အစ လယ်ထဲတွင် ကောက်စိုက်နေသူ အထိ မည်သူမျှ ပျော်ရွှင်နေကြမည် မဟုတ်သည်ကို ပုံမှန်စိတ် ရှိသူတိုင်း သိထားကြပြီး ဖြစ်သည်။ ယခုအချိန်သည် တမျိုးသားလုံး ညီညွတ်စွာဖြင့် စစ်အာဏာရှင် စနစ် ကို အမြစ်ဖြတ် တိုက်ပွဲ ဆင်နွှဲနေချိန် ဖြစ်၍ ပြည်သူ့ အား ကို အရေးတကြီး လိုအပ်လာနေသည်။

 

မန္တလေးတွင် “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ၊ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြကြပြီး၊ အချို့ မြို့နယ်များ တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆီးမီး သပိတ်များ ကျင်းပခဲ့ကြသည်။

 

သီတင်းကျွတ် မီးပုံးများမှာ မြန်မာ လူထု၏ စားဝတ်နေရေး မပြေလည်မှုများကြောင့် ယခုနှစ် အတွင်း အရောင်းအား ကျဆင်းလာခဲ့ရသည်ဟု တရုတ်၏ ဆင်ဟွာသတင်းတွင် ပါရှိလာခဲ့သည်။

 

ပြည်ပတွင်လည်း အာဆီယံ ဥက္ကဌ ဖြစ်လာမည့် အင်ဒိုနီရှားအား မြန်မာ အကျပ်အတည်းကို ထိပ်တန်း ဦးစားပေး အဖြစ် ကိုင်တွယ်သွားရန် တောင်းဆိုမှုများ နေရာအသီးသီးမှ ကျယ်လောင်စွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် ထင်မှတ်မထားဘဲ ထိပ်ဆုံးမှ ပါဝင်လာသူ က ဗီယက်နမ် ဖြစ်နေသည်။ ဗီယက်နမ်၏ နိုင်ငံခြားရေး နှင့် မဟာဗျူဟာ လေ့လာရေး အင်စတီကျု မှ အကြီးအကဲ Vu Lee Thai Hoang သည် အင်ဒိုနီရှား အနေဖြင့် မြန်မာ အရေး ကို ဖြေရှင်းရန် ရှင်းလင်းပြတ်သားစွာ နှင့် ချက်ချင်းလက်ငင်း အစီအစဉ်များ ချမှတ်ရမည် ဖြစ်ကြောင်း၊ လိုအပ်လာလျှင် အာဆီယံ အဖွဲ့ကို ဦးဆောင်ပြီး ဖြေရှင်းနိုင်မည့် လုပ်ငန်း ယန္တရား တခု ချမှတ်ရမည်။ ထိုအထဲတွင် အာဆီယံ ဖွဲ့စည်းပုံ ပြင်ဆင်သင့်က ပြင်ဆင်ရမည် ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားထားရမည် ဖြစ်ကြောင်း ဆိုလာသည်။

 

ယခုအချိန်သည် အင်အားကြီး နိုင်ငံများ အချင်းချင်း ယှဉ်ပြိုင်လာနေ၍ ပြည်တွင်း တွင် စိန်ခေါ်မှုများ ရင်ဆိုင်လာနေရပြီး အာဆီယံ၏ အစဉ်အလာကို ရှင်သန်အောင် လုပ်ဖို့လိုသည်ဟု ဆိုသည်။

 

ဗီယက်နမ်သည် အာရှတွင် လက်ရှိ စီးပွားရေး တိုးတက်မှု နှုန်းမှာ အာရှ၌ ထိပ်ရောက်လာနေပြီ ဖြစ်၍ မြန်မာ စစ်ဗိုလ်ချုပ်များကြောင့် နောက်ကနေ ဆွဲထားခံရသလို ဖြစ်လာမည်ကို စိုးရိမ်လာနေပြီ ဖြစ်သည်။

 

သေချာသည်ကတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် အင်ဒိုနီရှား လက်ထက်တွင် ပို၍ ပြင်းထန်စွာ ဆန့်ကျင် တုန့်ပြန်မှုများ နှင့် ရင်ဆိုင်လာရပေတော့မည် ဖြစ်သည်။

 

ယခုလ အတွင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ သည် ဂျကာတာ တွင် လာမည့် ထိပ်သီး ဆွေးနွေးပွဲ အတွက် ပြင်ဆင်ရန် တွေ့ဆုံကြမည် ဖြစ်ပြီး မင်းအောင်လှိုင်အား ဖယ်ရှားထားရေးကို ထိုင်း၊ ဘရူနိုင်း နှင့် ကမ္ဘောဒီယားတို့ပင် ထောက်ခံလာနေပြီ ဖြစ်သည်။

 

မလေးရှား ဝန်ကြီးချုပ်မှလည်း မြန်မာ အရေး အား နိုင်ငံတကာ မှ အာရုံစိုက်လာရန် ဦးဆောင်ကြိုးပမ်းလျှက် ရှိနေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!