အခက်ကြုံလာနေရပြီ ဖြစ်သော ဇူကာဘတ်

by Hla Soewai - Oct 21 2022

မတ် ဇူကာဘတ်သည် ၎င်း၏ ကုမ္ပဏီ အမည်ကို Facebook မှ Meta သို့ ပြောင်းလဲမည်ဟု ကြေညာခဲ့သည်မှာ တနှစ် နီးပါးပင် ရှိလာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ ပြောင်းလဲခဲ့ခြင်းမှာလည်း အကြောင်းနှစ်ရပ် ရှိနေသည်၊ ပထမ အကြောင်းက Meta ၏ အခရာ အဖြစ် ချပြလာမည့် Metaverse app ကို အဓိက အားပြုလာခြင်း ဖြစ်ပြီး ဒုတိယ အကြောင်းသည်က ဆိုးဆိုးရွားရွား ကျဆင်းလာသော ပုံရိပ်ကြောင့်ပင် ဖြစ်သည်။

 

Metaverse သည် အပြင်လောက နှင့် တူညီလုနီးပါး နေရာတနေရာ screen ပေါ်တွင် Horizon World. ဆိုကာ ဖန်တီးပေးခြင်း ဖြစ်ပြီး သုံးစွဲသူများ အနေဖြင့် ဂိမ်းကစားနိုင်ယုံမက ထိုနေရာထဲတွင် စကားပြောနိုင်၊ လမ်းလျောက်နိုင်၊ ဈေးဝယ်နိုင်၊ ရုပ်ရှင် ပြဇာတ်များကိုလည်း ကြည့်နိုင်မည့် virtual reality (VR) ပင် ဖြစ်သည်။ ဥပမာ VR ဖြင့် ဖန်တီးထားသော ဘားခန်းထဲ ဝင်သွားပြီး ယမကာ မှီဝဲမည်ဆိုက အပြင်အတိုင်းပင် ရီဝေမူးယစ်လာနိုင်မည်ဟု ဆိုသည်။

 

အတော်များများက Metaverse ဆိုသည့်ကို ရေရေရာရာ နားလည်ထားခြင်း မရှိသော်လည်း ရင်းနှီးမြုပ်နှံသူများက ကိုဗစ် အတွင်း အကျိုးအမြတ် ဖြစ်ထွန်းလာဖွယ် ရှိသည်ဆိုကာ ပုံအော်ခဲ့ကြ၍ ဖေ့စ်ဘုတ်၏ တန်ဖိုးသည် ဒေါ်လာ ၁.၁ တြီလီယံသည် မကြုံစဖူးအောင် ထိုးတက်သွားခဲ့သည်။

 

တနှစ်ခန့် ရှိလာသည့် ယခုအခါတွင်တော့ Metaverse သည် ထင်သလို ဖြစ်မလာခဲ့သည်အပြင် လူကြိုက်များခြင်းလည်း မရှိ ဖြစ်လာနေသည်။ ဖေ့စ်ဘုတ် သုံးစွဲသူများနှင့် ကြော်ငြာသမားများက တဖြေး‌ဖြေး စွန့်ခွာနေကြသည်။

 

ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ၆၀% အထိ ထိုးကျသွားခဲ့သဖြင့် ယခင်က တြီလီယံထိ တန်ကြေးရှိခဲ့ရာမှ ထက်ဝက်ခန့် အထိ ကျဆင်းသွားခဲ့သည်။ ၂၀၂၃ ခုနှစ် အတွင်း အမြတ်ငွေ ခန့်မှန်းချက်သည်ပင် ယခင်ကထက် ထက်ဝက်နီးပါး ကျဆင်းနေသည်။

 

ဖေ့စ်ဘုတ် သုံးစွဲသူ အရည်အတွက်သည် ဖေဖေါ်ဝါရီလ တွင် စတင်ကျဆင်းသွားခဲ့သဖြင့် စတော့ရှယ်ယာများကို ထုတ်ရောင်းလာခဲ့သည်။ ဖေ့စ်ဘုတ် ပေါ်လာခဲ့သည် လွန်ခဲ့သည့် ၁၈ နှစ် မှ စ၍ နှစ်စဉ်လို သုံးစွဲသူ အရည်အတွက်သည် ဆက်တိုက်တိုး၍ လာနေရာမှ ပြီးခဲ့သည့် ဇန်နဝါရီ နှင့် မတ်လ အတွင်းတွင် တသန်းခန့် လျော့ကျသွားခဲ့သည်။ သို့သော် Instagram နှင့် WhatsApp တို့ ကြောင့် ၃၉ သန်း ခန့် ပြန်တက်လာခဲ့သည်၊ သို့သော် ထိုအရည်အတွက်သည် ဆင်းရဲသော နိုင်ငံများမှ ဖြစ်နေ၍ ကြော်ငြာမည့် ကုမ္ပဏီများ အတွက် တန်ဖိုးမရှိ ဖြစ်နေသည်။

 

ဖေ့စ်ဘုတ်၏ အားထားရဆုံး အသက် ၁၈ နှစ်အောက် အရည်အတွက်လည်း ကျဆင်းလာပြန်၍ TikTok နှင့် ပြိုင်နိုင်ရန် Reels ကို တီထွင်လာခဲ့သည်။ Reels သည် Instagram တွင် ထူးထူးခြားခြား အောင်မြင်မှု ရလာခဲ့သည်။

 

Metaverse သည် ဇူကာဘတ် မျှော်လင့်သလို မည်သည့်အချိန်တွင် ထောင်တက်လာမည်ကို မသိရသေးသော်လည်း ယခုအချိန်ထိ ဒေါ်လာ ၂၇ ဘီလီယံ ခန့် အရှုံးပေါ်နေသည်၊ Metaverse အား အသုံးပြုရန် Headset များက ၁၇ သန်းခန့် ရောင်းချထားပြီး ဖြစ်သည်။

 

Meta မှ ဖန်တီးပေးထားသည့် Horizon Worlds အား သုံးစွဲသူ သုံးသိန်း ရှိနေပြီဟု ဖေဖေါ်ဝါရီလက ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်းပျောက်နေခဲ့သည်။

 

Metaverse အပေါ် အစုရှယ်ယာရှင်များက လိုလိုလားလား မရှိတော့၍ ဇူကာဘတ်သည် အသုံးစရိတ်များကို လျော့ချလာရသည်ဟု ဆိုသည်။

 

သုံးစွဲသူ အရည်အတွက် ကျဆင်းလာ၍ ကြော်ငြာသူ အရည်အတွက်သည်လည်း ကျဆင်းသွားခဲ့ရသည်။ ‌ငွေကြေး ဖေါင်းပွမှုများ၊ အတိုးနှုန်း မြင့်တက်လာခြင်း နှင့် ယူကရိန်းစစ်ပွဲ များကြောင့်လည်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

ဇူကာဘတ်သည် လွန်ခဲ့သည် ဆယ်နှစ်က လို အမှားမျိုး ကျူးလွန်ခဲ့ခြင်းလောဟု တွက်ဆလာကြသည်၊ ထိုစဉ်က ဇူကာဘတ်သည် မိုဘိုင်းဖုန်းများ တွင်ကျယ်လာမှု ကို ပေါ့ ပေါ့ ဆဆ သဘောထားခဲ့သဖြင့် ဖေ့ဘုတ်အား ကွန်ပြူတာ မှ မိုဘိုင်းသို့ အကူးအပြောင်းအား လက်နှေးခဲ့၍ ဈေးကွက်များ ဆုံးရှုံးခဲ့ဖူးသည်ကို အမှတ်ရလာကြ၍ ဖြစ်သည်။

 

(၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ How much trouble is Mark Zuckerberg in? အား ကောက်နှုတ်တင်ပြသည်။)