စစ်အာဏာသိမ်း အဖွဲ့အား အပြင်းအထန် ထိုးနှက်လိုက်သော ဖြစ်စဉ်ကြီးများ

by Hla Soewai - Oct 23 2022

စစ်အာဏာသိမ်း အဖွဲ့ ၏ စိတ်ဓါတ်ကို တချက်တည်း နှင့် ပြိုပျက်သွားအောင် စစ်ရေး နှင့် စီးပွားရေး အရ အလဲထိုးနိုင်ခဲ့သည့် ဖြစ်စဉ်ကြီး နှစ်ခုသည် တပြိုင်တည်း လိုလို ဖြစ်ပွားလာခဲ့သည်။

 

ဤသည်က မြန်မာပြည်တောင်ပိုင်းရှိ ကော့ကရိတ်မြို့အား တော်လှန်ရေး တပ်ဖွဲ့ များ ပူးပေါင်းအင်အားဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး နောက်တခုမှာ ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်အဖွဲ့ကြီး မှ မြန်မာ အား ဘဏ္ဍာရေး အရ ယုံကြည်မှု မရှိသင့်သော နိုင်ငံအဖြစ် ကြေညာပြီး အမည်ပျက်စာရင်း တင်သွင်းလိုက်ခြင်းပင် ဖြစ်သည်။

 

ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ သည် လွန်စွာ အရေးကြီးပြီး တော်လှန်ရေး လမ်းကြောင်းကို အပြီးအပိုင် ပြောင်းလဲသွားနိုင်သည် ဖြစ်၍ စစ်တပ်မှ တိုက်လေယာဉ်များ နှင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်လျှက် ရှိနေပေသည်။ ယင်းသည် မြန်မာစစ်တပ်အနေဖြင့် တိုင်းပြည်ကို မည်သို့မျှ ဆက်လက်ထိန်းချုပ်၍ မဖြစ်နိုင် တော့ကြောင်းကို သံသယ အနည်းငယ် ရှိနေသူများပင် ရှင်းလင်းသွားအောင် ထုတ်ဖေါ်ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ 

 

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၏ ကျားဖြူ တပ်ရင်း နှင့် ပူးပေါင်းအင်အား အဖြစ် နောက်ထပ် လေးဖွဲ့ ပေါင်း၍ ကြာသပတေးနေ့ နံနက် တွင် စတင်ခဲ့သော မြို့သိမ်းတိုက်ပွဲကို ဆိုရှယ်မီဒီယာများ ပေါ်မှ ပြည်သူ များက တခဲနက် သောင်းသောင်းဖျဖျ ထောက်ခံ ကြိုဆိုနေကြသည်ကလည်း ကြက်သီးမွှေးညှင်း ထလောက်စရာ ကောင်းလှပေသည်။ အားလုံးကလည်း ထိုသို့ တိုက်ခိုက်လာမည့် အရေးကို စောင့်စားနေကြခြင်း ဖြစ်၍ စိတ်ဓါတ်ခွန်အားများ ပြန်လည် တက်ကြွလာလျှက် ရှိနေသည်။

 

ယခုအခါ တော်လှန်ရေး တပ်ဖွဲ့များက အဓိကကျသော အစိုးရ အဆောက်အဦးများကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းတွင် ကင်းလှည့်လျှက် ရှိနေသည့် အဆင့် ရောက်ရှိလာပြီ ဟု ကျားဖြူ နှင့် ခြင်္သေတပ်များက တရားဝင် သတင်းထုတ်ပြန်လာခဲ့သည်။ ကြွင်းကျန်ရစ်သော ရန်သူ များကို နယ်မြေ ရှင်းလင်းရေး လုပ်နေနိုင်ပြီ ဖြစ်သော်လည်း တမြို့လုံးကို အခိုင်အမာ သိမ်းပိုက်နိုင်ခြင်း ရှိမရှိကိုမူ သတင်းများက အတည်ပြု၍ မရ ဖြစ်နေဆဲဟု သိရသည်။ သေချာသည်ကတော့ စစ်အခြေစိုက် စခန်း နှစ်ခုကို အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

စစ်တပ်ပိုင် ရုပ်သံ သတင်းတွင်တော့ “အကြမ်းဖက်သမားများ” မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိရန် လေကြောင်း ပစ်ကူများ၊ လက်နက်ကြီးများ၊ သံချပ်ကာ ကားများ အသုံးပြု၍ ခုခံနေသည်ဟု ဆိုသည်။

 

ကော့ကရိတ်သည် ဧရိယာ အားဖြင့် ၃.၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၄၀,၀၀၀ ခန့် နေထိုင်လျှက်ရှိသည်။ အဓိက နယ်ခြား ကုန်သွယ် မြို့ဖြစ်သော မြဝတီ နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသဖြင့် မဟာဗျူဟာ ကျသည့် မြို့လည်း ဖြစ်နေကြောင်း အေပီ သတင်း တွင် ဖေါ်ပြထားသည်။ ယင်းနှင့် အတူ စစ်တပ်သည် မြို့ကို ဗုံးကြဲ တိုက်ခိုက်လျှက် ရှိနေသည်ဟူသော သတင်းသည်လည်း နိုင်ငံတကာ မီဒီယာများသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့ လုပ်နိုင်သည်မှာ မြို့ကို ပြာကျသွားအောင် ဖြစ်ပြီး ပြန်လည် ထိန်းချုပ်နိုင်ဖို့က မလွယ်ကူတော့ပေ။ စစ်တပ်သည် ယခုထက် ပို၍ ပြည်သူများအား ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာနေမည် ဆိုလျှင် နိုင်ငံတကာ က မည်သို့မျှ လက်ပိုက်ကြည့်နေနိုင်စွမ်း ရှိတော့မည် မဟုတ်ဘဲ လစ်ဗျား လမ်းစဉ်ကို ထုတ်ဖေါ်လာကြ တော့မည် ဖြစ်သည်။ ဤသည်က ပြည်သူများ၏ အနိုင်ဖဲ ပင် ဖြစ်နေပေသည်။

 

စီးပွားရေးအရ ထိုးနှက်ခံလိုက်ရသည်မှာ ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်အဖွဲ့ကြီးဟု ထင်ရှားသည့် ကမ္ဘာ ငွေကြေး မသမာမှုများကို စောင့်ကြည့်ရေး အဖွဲ့ Financial Action Task Force (FATF) သည် ပဲရစ်တွင် ကျင်းပနေသော ညီလာခံ မှ မြန်မာ အား အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီး ချက်ချင်း သက်ရောက်မှု ရှိစေရမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့် မြောက်ကိုရီးယား၊ အီရန် တို့နှင့် အတူ တတိယမြောက်နိုင်ငံ အဖြစ် စာရင်းဝင် သွားခဲ့ပြီ ဖြစ်သည်။ အဓိက အားဖြင့် နယ်ခြားဒေသများရှိ ကာဆီနို နှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးနေမှု များကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံခြား ကုမ္ပဏီများ ဥပဒေနှင့် အညီ နည်းလမ်းတကျ လုပ်ကိုင် နိုင်ရေး အကြံပေးနေသည့် ဗြိတိသျှ သံအမတ်ဟောင်း မစ္စက် ဗစ်ကီ ဗိုမင်းအား ဖမ်းဆီးလိုက်ခြင်းကြောင့်လည်း တုန်လှုပ်သွားခဲ့ရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ အဖွဲ့ ဥက္ကဌ တာဝန်ယူခဲ့သော စင်္ကာပူ မှ မစ္စတာ ရာဂျာ ကူးမားမှ တကမ္ဘာလုံးရှိ ဘဏ်များ အနေဖြင့် မြန်မာနိုင်ငံ နှင့် စီးပွားရေး လုပ်ငန်း များ ဆက်ဆံဆောင်ရွက်ရာတွင် အထူး သတိဝိရိယ ထားရန် နှိုးဆော်ခဲ့သည်။ သို့သော် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့် တရားဝင် အင်ဂျီအို အဖွဲ့များ အား ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ကြောင်းလည်း ဆိုသည်။

 

FATF သည် မြန်မာ အား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှု များ အားပေးအားမြှောက် ဖြစ်စေသော ဘဏ္ဍာရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည့်နိုင်ငံဟု သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ စံတော်ချိန် ည ၉ နာရီ တွင် မြန်မာအား လွန်စွာ အန္တရာယ်များသည့် လုပ်ပိုင်ခွင့်များ ပိုင်ဆိုင်နေ၍ အရေးယူရန် တောင်းဆိုသည် (High-Risk Jurisdictions subject to call for action)၊ တနည်းအားဖြင့် အမည်ပျက်စာရင်း ထည့်သွင်းလိုက် ခြင်းပင် ဖြစ်သည်။

 

ထိုသို့ သတ်မှတ်ခံခဲ့ရခြင်းကြောင့် တိုင်းပြည်၏ ဆယ်နှစ်တာ ကာလအတွင်း အကောင်အထည် ဖေါ်နိုင်ခဲ့သော စီးပွားရေး နှင့် တိုးတက်မှုများကို စစ်အာဏာသိမ်း အဖွဲ့မှ ရက် ၆၀၀ ကျော် ကာလအတွင်း မည်မျှ အတိုင်း အတာ အထိ အောက်သို့ ဆွဲချလိုက်ပြီဖြစ်သည်ကို ပြဆိုနေခဲ့ပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားငွေ ထိန်းချုပ်ရေး နှင့် အခြား ကမောက်ကမ မူဝါဒများအပြင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြား ကုမ္ပဏီများ အဖို့ တရုတ်မှလွဲ၍ အကြီးအကျယ် အခက်အခဲများ တွေ့လာနေရသည်။ 

 

မင်းအောင်လှိုင်သည် ဗဟိုဘဏ်တွင် ၎င်း ထင်သလို လုပ်၍ရရန် လူယုံ စစ်တပ်အရာရှိများ ထည့်သွင်းလာ ခဲ့ခြင်း ကပင် ထိုသို့ ဖြစ်အောင် တွန်းအားပေးသလို ဖြစ်သွားခဲ့ရသည်။

 

လက်ရှိတွင် အဆိုပါ သတင်းကြောင့် ပြည်တွင်း ဒေါ်လာဈေးကွက်များ ပိတ်သွားပြီး ချက်ချင်းဆိုသလို ဒေါ်လာစျေး ခုန်တက်သွားကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်လာနေသည်ဟု ခေတ်သစ် မီဒီယာ သတင်းက ဆိုသည်။

 

ဂျကာတာတွင် နောက်အပတ် ကြာသပတေးနေ့တွင် ခေါ်ယူထားသည့် မြန်မာပြည်အကြောင်း ဆွေးနွေးရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အစည်း အဝေး ကျင်းပဖြစ်မည်ကို ယနေ့အတည်ပြု ပြောကြားခဲ့ပြီ ဖြစ်သည်။

 

ဓါတ်ပုံ -- Irrawaddy / FATF 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!