၄၄ ဘီလီယံ ဒေါ်လာ တန် လှောင်ချိုင့်ထဲက အီလွန် မပ်စ်

by Hla Soewai - Nov 01 2022

အီလွန် မပ်စ်သည် တွစ်တာ အား ဝယ်ယူ အပြီးတွင် "လှောင်ချိုင့်ထဲ က ငှက်ကလေး လွတ်သွားခဲ့ပြီ" ဟု အောက်တိုဘာ ၂၇ ရက်နေ့တွင် ရေးသားလာခဲ့သည်။

 

ကမ္ဘာ အချမ်းသာဆုံးနှင့် တွစ်တာတွင် ဖေါ်လိုဝါ တတိယ ‌မြောက် အများဆုံး ရရှိထားသူ လည်း ဖြစ်သည့် အီလွန် မပ်စ်သည် ကမ္ဘာတွင် အရှိန်အဝါ အကြီးဆုံးဟု ပြောလျှင် ရနိုင်လောက်သည့် သတင်း စင်မြင့်ကြီးကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ တွစ်တာ၏ အကြီးအကဲ စီအီးအို အား ဖြုတ်ပစ်လိုက်ပြီ ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး သူ၏ ပရိုဖိုင်း အမည်ကိုလည်း "Chief Twit" ဟု ပြောင်းလိုက်သည်။

 

မပ်စ်သည် ပြီးခဲ့သည့် ခြောက်လ လုံးလုံး တွစ်တာ နှင့် ရရှိပြီးသော သဘောတူညီချက်မှ ရုန်းထွက်နိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ဧပြီလ အတွင်း တွစ်တာအား ဒေါ်လာ ၄၄ ဘီလီယံ ဖြင့် ဝယ်ယူရန် သဘောတူခဲ့သည်။ သို့သော် ဇူလိုင်လတွင် တွစ်တာ၏ ဈေးကွက်ပေါက်ဈေးသည် ၂၅ ဘီလီယံအောက် ရောက်ရှိသွားခဲ့ချိန်တွင်တော့ ရရှိထားသော သဘောတူညီချက်သည် အနံ့ထွက်လာခဲ့ပြီ ဖြစ်သည်။

 

ယခု အပတ်အတွင်းမှာပင် Alphabet, Amazon နှင့် Meta (FB) တို့၏ ရှယ်ယာတန်ဖိုးသည် ဆယ်ဂဏန်းကျော်ကျော် ပမာဏ ဖြင့် ထိုးကျသွားခဲ့သည်။

 

သို့သော် တွစ်တာ ၏ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကတော့ ရှယ်ယာဝင်များ အတွက် လွန်စွာ ချိုမြိန်လှသော အသီးအပွင့်များ ဆွတ်ခူးပေးလိုက်နိုင်ပြီ ဖြစ်သည်။

 

သို့သော် တွစ်တာ အသုံးပြုနေသူ သန်းပေါင်း ၂၄၀ အတွက်ကော ချိုမြိန်သော အသီးအပွင့်များ ခံစားရမည်လားဟု မေးစရာ ဖြစ်လာသည်။

 

မပ်စ်သည် သည် ယခုနှစ် အ‌စောပိုင်းက သူ့ကိုယ်သူ "လွတ်လပ်စွာ ပြောဆိုခွင့် အပေါ် အကြွင်းမဲ့ ယုံကြည်သူ" ဟု ပြောဆိုလာပြီး တွစ်တာ တွင် ကန့်သတ်ထားမှုများကို အတော်အသင့် ဖြေလျော့ပေးမည့် ချည်းကပ်မှု မျိုး နှင့် ကိုင်တွယ်သွားမည်ဟု ဆိုသည်။ ဥပဒေကို ချိုးဖောက်သည့် ပို့စ်များကိုသာ ဖြုတ်ချသွားမည်ဟု ပြောလာခဲ့သည်။

 

လောလောဆယ်တွင်တော့ အခြားသော ဆိုရှယ်မီဒီယာများလိုပင် ဥပဒေကြောင်းအရသာမက အခြား မလိုလားအပ်သော ပို့စ်များကို ဖြုတ်ချလျက် ရှိနေဆဲပင် ဖြစ်သည်။ မကြာသေးမီကပင် အဆိုတော် ကနေး ဝက်စ် အား ဂျုး မုန်းတီးရေး လှုံ့ဆော်သည် ဆိုကာ ပို့စ်တင်ခွင့်ကို ပိတ်ပင်ပစ်ခဲ့သည်။

 

ယခုအချိန်ထိတော့ ထိုကဲ့သို့ အရေးယူမှုများကို မပ်စ်သည် သဘောကျနေပုံ ရှိသည်၊ အပြီးအပိုင် ဝယ်ယူပြီးသည့် နေ့မှာပင် ကြော်ညာ လုပ်ငန်းရှင်များအား တွစ်တာ အား ပြောချင်ရာ ပြော၊ လုပ်ချင်တာ လုပ်ခွင့်ရသည့် အဖြစ်မျိုး အရောက်မခံဟု အသိပေးခဲ့သည်။ ဒေါ်နယ်ထရန့် သမ္မတ နှစ်များ နှင့် ကိုဗစ် အလွန် ကာလအတွင်း အခြားသော ဆိုရှယ် မီဒီယာများက လွတ်လပ်စွာ အကြွင်းမဲ့ ပြောဆိုခွင့်ဝါဒ ကို ရေရော ပြီး ကျင့်သုံးလာခဲ့ကြသည်။ ထိုဖြစ်စဉ် နှစ်ခုစလုံးတွင် အချက်အလက် အလွဲများ အလွန်အကျွံ ထွက်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

 

"Everyone having a voice" ဆိုသည့် မူ ကို အကာအကွယ် ပေးခဲ့သည့် မတ်ခ် ဇူကာဘတ်သည် တခါက ခွင့်ပြုထားခဲ့သော ကို‌ဗစ် ကာကွယ်ဆေး ထိုးမှု ဆန့်ကျင်ရေး၊ ဟာလူကော့စ် (ဂျုးများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း) အပေါ် ငြင်းဆိုမှုများ၊ QAnon (အမေရိကန် လက်ယာ အစွန်းရောက်များ၏ နိုင်ငံရေး ခြေပုန်းခုတ်မှု) အစရှိသည့် ပို့စ်များအားလုံးကို ၂၀၂၀ ခုနှစ်တွင် ဖေ့စ်ဘုတ်မှ ပိတ်ပင်ပစ်ခဲ့သည်။

 

တွစ်တာ အတွက် အမြဲလို ကသိကအောင့် ဖြစ်နေခဲ့ရသည်က လောလောဆယ် ဝင်ငွေ အရဆုံး ဖြစ်နေသည့် ဒီဂျစ်တယ် ကြော်ငြာ ကိစ္စပင် ဖြစ်သည်။ မပ်စ်သည် "ကြော်ညာများ ကို ရွံ့မုန်းကြောင်း" ပြောဆိုခဲ့မှုများ ရှိနေသဖြင့် တွစ်တာ အား နှစ်စဉ်ကြေး သွင်းကာ သုံးစွဲရမည့် ပုံစံ ပြောင်းလာနိုင်သည်ဟု ခန့်မှန်းမှု များ ထွက်ပေါ်လာခဲ့သည်။

 

တွစ်တာ တွင် ထိုသို့ လစဉ် ၄.၉၉ ဒေါ်လာ ပေးသုံးရသည့် သီးသန့် Twitter Blue ရှိနေပြီး ဖြစ်သည်၊ သို့သော် တွစ်တာ အမေရိကန် တဦးစီ အတွက် ကြော်ညာမှ ဝင်ငွေ ၆ ဒေါ်လာ ရနေရာမှ လစဉ်ကြေး ပေးသုံးရမည် ဆိုက ပေးကြမည်လော ဆိုသည်က စဉ်းစားစရာ ဖြစ်လာသည်။ အချို့ ပေးကောင်း ပေးကြမည် ဖြစ်သော်လည်း အမြောက်အမြား အသုံးပြုနေမှသာ လည်ပတ်နိုင်မည် ဖြစ်သည်။

 

ထို့သို့သော အကြောင်းများ ရှိလာ၍ မပ်စ်သည် ယခင် ကြော်ညာမုန်းသူမှ ယခုအခါ ဖျော်ဖြေမှုလည်း ဖြစ်၊ ကြည့်ရသည်မှ ပဒသ လည်း ဖြစ်၊ ဗဟုသုတလည်း ဖြစ်စေမည့် ကြော်ညာမျိုးသည် ဆိုရှယ် မီဒီယာများ တွင် မဖြစ်မနေ ရှိရမည့် ပို့စ်များဟု အောက်တိုဘာ ၂၇ ရက်နေ့တွင် ‌ပြန်လျောချလာခဲ့သည်။

 

မပ်စ် အတွက် မဖြစ်မနေ အမြန် လုပ်ဖို့ ရှိလာသည်က ကုန်ကျစရိတ် ကာမိ‌ရန် ဖောင်းပွနေသော ဝန်ထမ်း အင်အားကို လျော့ချ ပစ်ရန်ပင် ဖြစ်သည်။ ယမန်နှစ် က ဝန်ထမ်းအင်အား အချိုးသည် ဒေါ်လာ တသန်း ဝင်ငွေ ရှိတိုင်း ၁.၅ ယောက်နှုန်း ရှိနေသည်။ မက်တာ ဖေ့စ်ဘုတ် တွင် ၀.၆ ယောက် ခန့်ထားသည်။

 

ယခုအခါတွင် အတည်မပြုနိုင်သေးသော သတင်းများအရ တွစ်တာ သည် မပ်စ် ၏ ဖြုတ်ခြင်းခံရ၍လော သို့တည်း မဟုတ် အခြားအကြောင်းများ ကြောင့်လော မသိ ဝန်ထမ်းအင်အား ၇၅% ခန့် ဆုံးရှုံးသွားပြီဟု သိရသည်။

 

မပ်စ်သည် တွစ်တာကို ဝယ်ယူရာတွင် သူတဦးတည်း ငွေ စိုက်ထုတ်ကောင်းမှ ထုတ်မည်၊ သူနှင့် အတူ အခြား ဘီလျံနာ အနည်းငယ် နှင့် ကာတာ အစိုးရ ငွေလည်း ပါနေသည်၊ အားလုံးကလည်း အကျိုးအမြတ် ထွက်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

 

ထို့အတွက် တွစ်တာ ငှက်ကလေး လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်သော်လည်း ပိုင်ရှင် ဖြစ်သူကတော့ ငှက်ကလေး၏ ဒေါ်လာ ၄၄ ဘီလီယံတန် လှောင်ချိုင့်ထဲတွင် ကျန်နေရစ်ဆဲ ဆိုသည်ကို သဘောပေါက်ကောင်း ပေါက်လာနိုင်ဖွယ် ရှိသည်။

 

(၂၀၂၂ အောက်တိုဘာ ၂၈ နေ့ အီကော်နော်မစ် မဂ္ဂဇင်း၏ "Elon Musk buys the Twitter at last" ကို ပြန်လည် တင်ပြသည်။)