ယူကရိန်း စစ်ပွဲ ကြောင့် မြေပြင် တိုက်ပွဲ အတွက် ဂျက်တိုက်လေယာဉ်များ အသုံးမဝင်တော့ သည့် အနေအထား ရောက်ရှိလာ

by Hla Soewai - Nov 11 2022

ယူကရိန်း စစ်ပွဲ တွင် ကာမီကာဇေး ဒရုန်းများနှင့် ကရုစ် ဒုံးကျည်များကြောင့် လေကြောင်း အင်အားသည် အရေးပါမှု အနေအထား တွင် မရှိတော့သလို ဖြစ်လာခဲ့သည်။

 

စက်တင်ဘာလ အတွင်း ရုရှားသည် လေကြောင်း ကို အားပြု၍ ယူကရိန်း နိုင်ငံတွင်း တိုက်ခိုက်မှု အရှိန် မြှင့်တင်လာခဲ့သော်လည်း လေယာဉ် အစင်းပေါင်းများစွာ ထူးထူးခြားခြား ဆုံးရှုံးသွားခဲ့ရသည့် အဖြစ်နှင့် ကြုံခဲ့ရသည်။

 

ဤသည်က ရုရှားတို့ အဓိက အားပြုနေ‌သော မြေပြင် အနီးကပ် စစ်ကူ ပေးနိုင်သည့် Close-air Support (CAS) တိုက်လေယာဉ် များ စွမ်းဆောင်နိုင်မှု ဆိုးဆိုးဝါးဝါး ညံ့ဖျင်း သွားခဲ့သဖြင့် ထိုလေယာဉ်များ၏ အနာဂတ် တွင် အသုံးတည့်မှု အပေါ် မေးခွန်းများ ထွက်ပေါ်လာပြီး အမေရိကန်မှ အလားတူ လေယာဉ်များ ယူကရိန်းသို့ ပေးပို့ရန် ရှိသည်များကို ဆိုင်းငံ့ရမလို ဖြစ်လာခဲ့ရသည်။

 

CAS သည် ကြိုတင်စီစဉ်ထားသည့် ဗုံးကြဲ တိုက်ခိုက်မှုထက် မြေပြင်တပ်များကို ပံ့ပိုးပေးနိုင်ပြီး တိုက်ပွဲများ အတွက်လည်း လေကြောင်းမှ ပစ်ကူပေးနိုင်ရန် ပို၍ အသုံးတည့်သည့် အမျိုးအစားလည်း ဖြစ်သည်။

 

ဥပမာ အားဖြင့် ဖါးခြေထောက်ဟု ခေါ်သည့် ရုရှားတို့၏ SU-25 ဂျက်တိုက်လေယာဉ် သည် အနိမ့်တွင် ဖြည်းဖြည်း ပျံသန်းနိုင်ရန် အထူး တည်ဆောက်ထားပြီး မြေပြင်ရှိ ပစ်မှတ်များကို လေယာဉ်တွင် တပ်ဆင်ထားသော စက်သေနတ်ကြီးများ၊ ရော်ကက် ဒုံးကျည်များ နှင့် ပစ်ခတ်နိုင်စွမ်း ရှိသည်။ (ပုံတွင် ရှု)

 

ဖါးခြေထောက်သည် ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမန်တို့၏ ပန်ဇာ တပ်များကို ပြောင်မြောက်စွာ ချေမှုန်း နိုင်ခဲ့၍ နာမည်ရခဲ့သော သံချပ်ကာ အီလူးရှင်း ၂ စတားမိုဗစ် တိုက်လေယာဉ် ကို ပြန်လည် မွမ်းမံပြီး တီထွင်ထုတ်လုပ်ထားခြင်းလည်း ဖြစ်သည်။

 

ရန်သူရှိရာ နှင့် နီးကပ်စွာ ပျံသန်းနိုင်ရမည် ဖြစ်သည့်အတွက် အန္တရာယ် ရှိနိုင်၍ လေယာဉ် ဝမ်းဗိုက်၊ ဘေးနှစ်ဖက်တို့တွင် သံချပ်ကာများ တပ်ဆင်ပေးထားရပြီး အပူလှိုင်း ခြေရာခံ ဒုံးကျည်များ၏ ရန်မှ ကာကွယ်ရန် အတွက်လည်း တည်ကြက် အဖြစ် အပူထုတ် အလင်းတန်းများလည်း လွှင့်ထုတ်နိုင်ရန် စီမံထားခဲ့သည်။

 

ပြီးခဲ့သည့် လများ အတွင်း Su-25 နှင့် ယူကရိန်း ရဟတ်ယာဉ်များ ထိတ်တိုက်တွေ့ခဲ့ကြရာ ယူကရိန်းတို့မှ ရန်သူ၏ ပစ်မှတ်ကို ရှောင်ရှားနိုင်ရန် အနိမ့်သို့ ထိုးစိုက်ပြီး အဝေးမှ အပေါ်ရှိ ပစ်မှတ်ကို ထောင်ပြီး ရမ်းသမ်း ပစ်သည့် နည်းဖြင့် တိုက်ခိုက်ရာတွင်ပင် ရုရှားလေယာဉ်များ အကြီးအကျယ် အထိနာ သွားခဲ့ရသည်။

 

သို့သော် CAS များကို ထိုထက်ပို၍ ဒုက္ခပေးနိုင်သည်က ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည် ဖြစ်သည့် Stinger ပင် ဖြစ်သည်၊ ယခုအခါ ယူကရိန်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်သည်။

 

ယူကရိန်း စစ်ပွဲ မစမီက ရုရှားတွင် SU-25 ဂျက်တိုက်လေယာဉ် ပေါင်း ၁၉၂ စင်း ရှိနေခဲ့သည်။ ရုရှားတို့ အဆုံးအရှုံးများအား မျက်ခြေ မပြတ် လေ့လာစောင့်ကြည့်နေသော ORYX ဒပ်ခ်ျ တသီးပုဂ္ဂလိက အဖွဲ့ ၏ ထုတ်ပြန်သော စာရင်းအရ ယခု အချိန်အထိ ရုရှားတို့ SU-25 ၂၃ စင်း ဆုံးရှုံးသွားခဲ့ပြီ ဟု သိရသည်။ ယင်းသည် ရုရှားတို့ ဆုံးရှုံးသွားသည့် လေယာဉ် အစင်းရေ စုစုပေါင်း၏ သုံးပုံတပုံလည်း ဖြစ်သည်။ အတည်မပြုနိုင်သော အခြားသတင်းများ ကမူ ထိုထက်မက များပြားသည်ဟု ဆိုသည်။

 

ယူကရိန်း သတင်းရပ်ကွက် များ ကမူ စက်တင်ဘာ နှင့် အောက်တိုဘာ နှစ်လ အတွင်းမှာပင် SU-25 ၁၅ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။

 

ဤသည်ကို ကြည့်၍ စစ်ရေးသုတေသီများက CAS သည် နေဝင်သွားပြီဟု သုံးသပ်နေကြသည်။ အမေရိကန် တို့ အဖို့လည်း မျက်ခုံးလှုပ်စရာ ဖြစ်ခဲ့ရသည်။ အမေရိကန်သည် Warthog ဟု လူသိများသည့် A-10 Thunderbolt II ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်ရောင်းချနေရာမှ လူကြိုက်များမှု လျော့နည်းသွားမည့် အရေးကြောင့်ပင် ဖြစ်သည်။

 

ထိုလေယာဉ်သည် SU-25 ထက် များစွာ အစွမ်းထက်ပြီး တစက္ကန်လျှင် ကျည်တောင့်ရည် ၆၅ တောင့် ထိ ပစ်ခတ်နိုင်ပြီး တင့်ကားကိုပင် ဖေါက်ထွက်သွားနိုင်သည့် ကြီးမားသော Gatling ‌အမြှောက်သေနတ်များ တပ်ဆင်ထားသည့် သံချပ်ကာ တိုက်လေယာဉ်လည်း ဖြစ်သည်။

 

ယူကရိန်း စစ်ပွဲသည် Warthog တိုက်လေယာဉ်များ အစွမ်း ပြ၍ရသည့် လေကြောင်းပြပွဲကြီး အဖြစ် ဖန်တီး၍ ရနေသဖြင့် ထိုတိုက်လေယာဉ်များအား ယူကရိန်းသို့ လွှဲပြောင်းပေးရန် တောင်းဆို‌မှုများ ရှိလာခဲ့သည်။ ယူကရိန်းတို့က ထိုလေယာဉ်အား ပျံသန်းနိုင်ရန် ကိယက် မြိုစွန်တွင်ပင် သင်တန်းကျောင်း အဆင်သင့် ဖွင့်ထားပြီး ဖြစ်သည်ဟု သိရသည်။

 

သို့သော် အမေရိကန် စစ်ရေး သုတေသီ အများအပြားကမူ Warthog သည် ကောင်းကင်တွင် ပျံသန်းနိုင်သည့် တင့်ကားကြီး သဖွယ် အသုံးပြုနိုင်သည်မှာ မှန်သော်လည်း နောက်ဆုံးပေါ် လေကြောင်း ကာကွယ်ရေး စနစ်ကို ကျော်လွှားနိုင်မည် မဟုတ်ဟု သံသယ ရှိနေကြသည်။ ယခုအထိတော့ စစ်ပွဲ အရှိန် မြင့်လာမည် စိုး၍ ထိုလေယာဉ်များကို ယူကရိန်းအား ပေးရန် ငြင်းဆန်လျက် ရှိနေသည်။ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး၏ အကြံပေး တဦးကမူ Warthog ထက်စာလျှင် F-16 သာ လိုချင်ကြောင်း ပြောလာခဲ့သည်။ F-16 သည် လေယာဉ်စီးချင်း ထိုးရန်၊ ဒရုန်းများ၊ ကရုစ် ဒုံးကျည်များကို ကြားဖြတ် ပစ်ချရန် ပို၍ အသုံးတည့်သည်ဟု ဆိုသည်။

 

ရုရှားတို့ အဖို့ ယခုအခါ အနီးကပ် ပျံသန်းပြီး မြေပြင်ရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်း မရှိတော့ပဲ လုံခြုံသည့် အမြင့် တနေရာ မှ သာ အသုံးပြု၍ ရတော့သည်။ အထူးသဖြင့် နှစ်ဖက်စလုံးတွင် တူညီသည့် လေကြောင်း ကာကွယ်ရေးစနစ်များ ရှိထားသော စစ်မြေပြင်များတွင် ဖြစ်သည်။

 

(၂၀၂၂ နိုဝင်ဘာ ၁ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်း၏ "Has the Ukraine war killed off the ground-attack aircraft" ကို ပြန်လည် တင်ပြသည်။)