မြန်မာ ပြည်သူတို့အပေါ် ကမ္ဘာကြီးသည် တာဝန် ပျက်ကွက်ခဲ့ပြီဟု ကုလ အတွင်းရေးမှုးချုပ် ပြော၊ ဂျိုး ဘိုင်ဒင်က ပို၍ ကူညီသွားမည်ဟု ကတိပေး

by Hla Soewai - Nov 14 2022

အာဆီယံ အနေဖြင့် လာမည့် နှစ် အတွင်း မြန်မာအား ၎င်းတို့၏ ငြိမ်းချမ်းရေး အစီအစဉ်များကို လိုက်နာလာအောင် မဖြစ်မနေ ဖိအားပေးသွားရမည် ဖြစ်ကြောင်း နှင့် ယခုအချိန်ထိ ကမ္ဘာမိသားစုကြီးသည် မြန်မာနှင့် ပတ်သက်လျှင် တာဝန် ပျက်ကွက်ခဲ့ပြီး ကုလသမဂ္ဂသည်လည်း ကမ္ဘာမိသားစုကြီး၏ တစိတ်တပိုင်းလည်း ဖြစ်သည်ဟု ဖနွမ်းပင်သို့ အစည်းအဝေး တက်ရန် ရောက်ရှိလာသော ကုလ အတွင်းရေးမှုး ချုပ် အန်တိုနီ ဂူတာရက်စ် က သတင်းထောက်များကို ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ဂူတာရက်စ် သည် မြန်မာ အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားဆုံး နိုင်ငံ ဖြစ်သည့် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ ဖြစ်လာမည့် အရေး အပေါ် အားတက် လာပုံရသည်။

 

သူ၏ အထူးသံတမန် ဖြစ်သူ မစ္စက် နိုလင်း ဟေဇာသည်လည်း အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးရန် တာဝန်ပေးခြင်း ခံရသည့် အာဆီယံ အထူး သံတမန် နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ပြောကြားသွားခဲ့သည်။

 

မြန်မာပြည်၏ အခြေအနေသည် မပြီးနိုင်သော အိမ်မက်ဆိုးကြီးသဖွယ် ဖြစ်လာနေပြီး ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနေကြောင်း၊ အရပ်သားများ အပေါ် အကြောင်းမဲ့ မဆင်မခြင် သတ်ဖြတ်နေခြင်းသည်လည်း ထိတ်လန်တုန်လှုပ်ဖွယ် ကောင်းပြီး နှလုံး ကြေကွဲဖွယ်ပင် ဖြစ်ရကြောင်း ‌လည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

မြန်မာ စစ်ခေါင်းဆောင်များအားလည်း ပြည်သူများ၏ အသံကို နားထောင်ကြပါရန် တိုက်တွန်းသွားခဲ့သည်။

 

အာဆီယံသည် ယခုအခါတွင်‌ တော့ ၎င်းတို့ အပေါ် သာ ပုံချမှု ကို လက်မခံတော့ပဲ ကုလ အပါအဝင် အင်အားကြီး နိုင်ငံများမှ ပူးပေါင်း ‌ပါဝင်ကြပါရန် တောင်းဆိုထားသည်။

 

တရုတ်သည် မြန်မာအား မည်သို့ပင် ထောက်ခံလိုသည် ဖြစ်စေ အာဆီယံ ၏ စုပေါင်းဆုံးဖြတ်ချက် မှန်သမျှ ကို ကန္တကောစ မလုပ်ရဲသည့် political capital မျိုး အာဆီယံတွင် ရှိထားပြီးဖြစ်၍ ၎င်းတို့အရေးယူ လာမှုမျိုးသည် အရေးပါသော အနေအထားတွင် ရှိပြီး ယခုအခါ တရုတ် ကြိုးဆွဲခံ ကမ္ဘောဒီယား လက်မှ လွတ်လာပြီ ဖြစ်၍ ထိုသို့ လုပ်နိုင်ရန် အခွင့်အရေးများ ရရှိလာပြီ ဖြစ်သည်။

 

အမေရိကန်-အာဆီယံ ထိပ်သီး ‌‌ ဆွေးနွေးပွဲ တက်ရောက်ရန် ဖနွမ်းပင်သို့ ရောက်ရှိနေသော အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် သည် ဟွန်ဆန်အား မိမိတို့ အနေဖြင့် အာဏာ မသိမ်းမီ အထိ ဒီမိုကရေစီ အစိုးရ အဖြစ် တ‌ဖြေးဖြေး အသွင်ပြောင်းလာနေသည့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက် ကြိုးစားသွားမည်ကို ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ကြောင်း၊ အကူအညီများ ပို၍ ပေးသွားမည် ဖြစ်ကြောင်းများကို အလေးအနက် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ဂျိုး ဘိုင်ဒင်သည် ဘာလီတွင် တရုတ်သမ္မတ နှင့် မတွေ့မီ အာဆီယံ ခေါင်းဆောင်များ၏ ထောက်ခံမှု ရရန် ကြိုးစား‌ နေပုံရသည်ဟု ယူဆရသည်။

 

၎င်းတို့နှစ်ဦးစလုံးသည် အာဏာသိမ်းပြီးကာစ က မင်းအောင်လှိုင်၏ လုပ်ရပ် မအောင်မြင်စေရဟု emotionally-charged ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသူများ ဖြစ်သည်။

 

ယခုအခါ နိုင်ငံတကာ၏ အာရုံထားမှုသည် ယခင် မင်းအောင်လှိုင်၏ အာဏာသိမ်း လုပ်ရပ်မှ အာဏာသိမ်းပြီး ပြည်သူများ အပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ကျုးလွန်လာမှုများ အပေါ် ဖြေရှင်းနိုင်ရန် ဦးတည်လာနေကြပြီ ဖြစ်သည်ဟု ၎င်းတို့ အပြောအဆိုများမှ ခန့်မှန်း၍ ရနေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!