အာဏာရှင်များကပင် မျက်ခုံးလှုပ်လာသော မြန်မာစစ်ခေါင်းဆောင်များ

by Hla Soewai - Nov 17 2022

တနိုင်ငံလုံး ရှိ ပြည်သူများ၏ အုံကြွလာမှု အပေါ် မြန်မာ စစ်ခေါင်းဆောင်များ၏ ကြမ်းကြုပ်ရက်စက်စွာ တုန့်ပြန်လာခဲ့မှုများသည် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများ အားလုံးလိုလို ဒီမိုကရေစီ အင်အားစုများ နှင့် ထိတွေ့ဆက်ဆံဖို့ တွန်းအားပေးလာသည် အထိ ဖြစ်ခဲ့ရသည်ဟု အမေရိကန် ရှိ ဘော်စတွန်တွင် အခြေစိုက်သော Christian Science Monitor သတင်းစာကြီး၏ “When even dictators see a need for the inclusion” ခေါင်းစဉ်ဖြင့် ရေးထားသည့် အယ်ဒီတာ အာဘော် ကို တင်ပြသွားပါမည်။

 

အရှေ့တောင်အာရှ ရှိ နိုင်ငံတဝက် ခန့်သည် အာဏာရှင်များ လက်အောက်တွင် ကျရောက်နေ‌သော်လည်း ပြီးခဲ့သည့် သောကြာနေ့က အဖွဲ့ဝင် ဆယ်နိုင်ငံစလုံးက ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ နှင့် လူသိ ရှင်ကြား ဆွေးနွေးသွားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့မှုကို အံအားသင့်ဖွယ် လက်ခံကြိုဆိုရမည် သာ ဖြစ်သည်။

 

အာဆီယံ အဖွဲ့၏ ထိုသို့ ရဲရင့်စွာ လှမ်းလာမည့် ခြေလှမ်းကြောင့် တိုင်းပြည်ကို အုပ်ချုပ်နေခွင့် ရနေသော်လည်း ဝိုင်းပယ်ခံထားရသော မြန်မာ စစ်ခေါင်းဆောင်များ၏ တရားဝင်ရပ်တည်ပိုင်ခွင့် ထပ်မံ ဆုံးရှုံးသွားစေခဲ့သည့် လုပ်ရပ်ပင် ဖြစ်သည်။ နိုင်ငံရေး အရ အားလုံးပါဝင် အဖြေရှာရမည် ဆိုသည့် မက်ဆေ့ချ် ကိုလည်း အလိုလို အသိပေးပြီးသား ဖြစ်သွားခဲ့သည်။ အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ က မြန်မာနိုင်ငံ၏ အခြေအနေများက မိမိတို့ အာဆီယံ အဖွဲ့ကြီး အား မည်သို့မည်ပုံ ကျင့်ကြံရမည် ဟု သတ်မှတ် ပြဋ္ဌာန်း ပေးလာသော သဘောအဖြစ် အရောက် ခံ၍ မရဟု ပြောဆိုသွားခဲ့သည်။

 

အာဆီယံ သည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့မှုသည် တကယ်တမ်းတွင် အဖွဲ့ကြီး၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ခြင်း မရှိစေရမူ နှင့် ထိပ်တိုက် တိုးလာခဲ့သည်။ သို့သော် အာဆီယံ ခေါင်းဆောင် အများအပြားသည် စစ်တပ်မှ ရုရှားလက်နက်များ၊ တရုတ်၏ ရေငုံနှုတ်ပိတ် ထောက်ခံနေမှုများ ဖြင့် နိုင်ငံတွင်း လူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှု များ၊ နိုင်ငံရေး အကျဉ်းသားများအား ကွပ်မျက်ခဲ့မှုများ၊ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ အစရှိသည့် လုပ်ရပ်များ အပေါ် စက်ဆုပ်ရွံရှာလာခဲ့ကြသည်။

 

မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်သည် တနည်းဆိုရလျှင် အာရှ နိုင်ငံတွင်း ပြဿနာ ဖြစ်လာနေသော အန္တရာယ် များသည့် မြေကြောများ ထွက်လာပါက တိုးတိုးတိတ်တိတ် သံခင်းတမန်ခင်း ဖြေရှင်း၍ ဒေသတွင်း တည်ငြိမ်မှု ရအောင် ဖန်တီးခဲ့သည့် အစဉ်အလာများကို ခြိမ်းခြောက်လာခဲ့ပြီလည်း ဖြစ်သည်။ 

 

ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ အတွင်း ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဖြုတ်ချ အာဏာသိမ်းခဲ့ပြီးနောက် ဒီမိုကရေစီ ပြန်လည်ရရှိရန် တနိုင်ငံလုံး၏ အုံကြွတွန်းလှန် လာမှုကို မြေလှန်စနစ် ကျင့်သုံးကာ နှိမ်နှင်းလာမှုများ အဆုံးသတ်သွားစေရေး အချက် ငါးချက်ပါ ဘုံရပ်တည် ချက်ကို ချမှတ်လာခဲ့သည်။ သို့သော် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ပိုင်းတွင် ထူထောင်လာသော အမျိုးသား ညီညွတ်ရေး အစိုးရ တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင် အဖွဲ့များကို ပို၍ပင် တိုးမြှင့် တိုက်ခိုက်လာခဲ့သည်။

 

မြန်မာ့ စီးပွားရေး သည် ပြိုလဲလုမတတ် ဖြစ်လာခဲ့သည်။ စစ်တပ် လက်အောက်တွင် ရှိနေသည့် နိုင်ငံစီးပွား ရေး၏ ၂၀ ရာနှုန်းသာ အသက်ဆက်နေနိုင်ခဲ့သည်။ ထို့အတွက်လည်း ဒီမိုကရေစီ လိုလားမှုတွင် မြန်မာ ပြည်သူ များက မည်မျှထိ လိုလား တောင့်တနေခဲ့ကြသည်ကို ယူကရိန်း နိုင်ငံသားများ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်နေသည့်အပေါ် ကမ္ဘာတဝှမ်းမှ နားလည်ခဲ့ကြသလိုမျိုး အာဆီယံ ခေါင်းဆောင်များက သဘောပေါက်လာ ခဲ့ကြသည်။

 

အာဆီယံ အဖွဲ့တွင် အာဏာရှင် နိုင်ငံများ ရှိနေသော်ငြားလည်း အိမ်နီးချင်း နိုင်ငံများသည် မြန်မာနှင့် ဒေသ တခုလုံး အတွက် အားလုံးပါဝင်ဖြေရှင်းနိုင်မည့် မိုဒယ် တခု ချမှတ်နိုင်ရန် မြန်မာ၏ ဒီမိုကရေစီ အင်အားစုများကို လက်ကမ်းလာကြခြင်းလည်း ဖြစ်သည်။

 

မိမိအမြင်ကို ပြောရလျှင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံ အထိ တရားဝင် ရောက်ရှိလာချိန်တွင် သဘာဝဘေး အန္တရာယ်များ၊ ကမ္ဘာကြီး ပူနွေးလာမှုများ၊ စစ်ဘေးဒဏ် ရင်ဆိုင်လာနေရခြင်းများကြောင့် မိမိတို့နိုင်ငံသားများ အတွက် လောက်ငအောင် ကျွေးမွေး နိုင်ရေး လုံပမ်းနေရချိန်တွင် မြွေပူရာ ကင်းမှောင့် ဆိုသလို အမျိုးဘာသာ သာသနာဟု ကြွေးကြော်လာသော အာဏာရူးများ အပေါ် စိတ်ကုန်ခမ်းလာကြခြင်းလည်း ဖြစ်နိုင်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!