MIG -29 နှစ်စင်း ဖျက်ဆီးနိုင်ခဲ့

by Hla Soewai - Nov 18 2022

ကရင် အမျိုးသား အစည်းအရုံး၏ လက်အောက်ခံ KNLA နှင့် တော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ မကွေး လေတပ်အခြေစိုက်စခန်း အတွင်းသို့ လက်လုပ် ၁၀၇ မမ ဒုံးကျည်များ နှင့် ပစ်ခတ်ခဲ့ရာ MIG-29 တိုက်‌လေယာဉ် နှစ်စီး၊ အခြား အမျိုးအစား ‌တိုက်လေယာဉ် တစီး ကို ဖျက်ဆီး နိုင်ခဲဲ့ ပြီး၊ စစ်ကောင်စီ တပ်သား ရှစ်ယောက် သေဆုံးသွားသည်။

 

အဆိုပါ စစ်ဆင်ရေး အား KNU ပြောခွင့်ရ ပဒို စောနော်ထီး မှ ဧရာဝတီ သို့ အတည်ပြု ပြောဆိုခဲ့သည်။

 

KNU သည် ၎င်းတို့၏ သမာရိုးကျ ထိန်းချုပ်နယ်မြေများမှ နိုင်ငံတဝှမ်းသို့ ခြေတံလက်တံ ဆန့်ထုတ် နိုင်လာသည့် လက္ခဏ ပင် ဖြစ်သည်။

 

မကွေးလေတပ်စခန်းသည် ၂၀၂၁ ဧပြီလ နှင့် ဩဂုတ်လများ အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး လက်နက်သိုလှောင်ရုံ တရုံ ပျက်ဆီးသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၁၁ လ အတွင်း စစ်ကောင်စီ ပိုင် တိုက်လေယာဉ်များ သည် မြန်မာနိုင်ငံ တဝှမ်း ‌၂၆၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အနည်းဆုံး ၁၅၅ ဦး သေဆုံးခဲ့ပြီး ၁၉၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် အပြင်းထန်ဆုံး တိုက်ခိုက် ခံရသည့် ဒေသ သည် မကွေးတိုင်း ဖြစ်ပြီး အနည်းဆုံး ၁၁၄ ကြိမ် ရှိသည်ဟု သိရသည်။

 

နိုင်ငံတွင်း ဖမ်းဆီး ခံရသူ နိုင်ငံရေး အကျဉ်းသား အရည်အတွက်သည် စစ်တပ် အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ် စံချိန် မြင့်တက်ခဲ့ပြီး စုစုပေါင်း ၁၃,၀၀၀ ရှိလာခဲ့ပြီဟု နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့ AAPP မှ စာရင်း ထုတ်ပြန်ခဲ့သည်။

 

၂၀၁၀ မတိုင်မီ စစ်အုပ်ချုပ်ရေး ကာလ များ အတွင်း အများဆုံး အဖမ်းခံရသည့် ဦးရေသည် ၂,၀၀၀ ခန့်သာ ရှိသည်ဟု ဆိုသည်။

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်သည် ဘာမဆို လုပ်ရဲသူ ဖြစ်သော်လည်း ဘာတခုမျှ ခံရဲသူ မဟုတ်၊ အကြောက်တရား ကြီးမားနေကြောင်းအား နိုင်ငံတဝှမ်း မဲမဲမြင်ရာ ဖမ်းဆီး ခိုင်းနေခြင်း က သက်သေခံနေပေသည်။ လေးဂွ ကိုင်ထားသူကိုပင် ၎င်းတို့ စိတ်မထင်က လက်နက်ပုဒ်မ ဖြင့် ဖမ်းဆီးခံနေရသော ကာလလည်း ဖြစ်သည်။

 

ရခိုင်ပြည်နယ် အင်ဒင်းရွာ တွင် ရိုဟင်ဂျာ ဆယ်ဦးအား လက်ပြန်ကြိုးတုပ်၍ စစ်တပ်က သတ်ဖြတ်ခဲ့မှုသည် ကမ္ဘာမီဒီယာများ တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သော်လည်း ယခုအခါ ထိုအဖြစ်ထက် အဆတရာ ဆိုးဝါးစွာ ဖြစ်ပျက်နေမှုများသည် ကမ္ဘာသတင်းများတွင် နေရာ ရသင့်သလောက် မရ ဖြစ်နေမှုများကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်လာပြီဟု ယူဆမိသည်။

 

ယခု အပတ်အတွင်း အမေရိကန် ဒုသမ္မတ မစ္စက် ကမ်မလာ ဟားရစ် သည် အာရှ ခရီးစဉ်ကို စတင်ရန် ရှိနေပြီး သမ္မတ ဘိုင်ဒင်၏ ထားရစ်ခဲ့သည့် ကိစ္စများ ကို ကောက်သင်းကောက် မည်ဟု ယူဆရသည်။

 

သူမသည် အဓိကအားဖြင့် မြန်မာ၊ ဒေသလုံခြုံရေး၊ စီးပွား ဆက်ဆံမှုများ နှင့် ရာသီဉတု ဆိုင်ရာများကို ဆွေးနွေးမည်ဟု သိရသည်။

 

စနေနေ့တွင် ထိုင်းဝန်ကြီးချုပ် နှင့် တွေ့ဆုံပြီး တနင်္လာနေ့တွင် ဖိလစ်ပိုင် သမ္မတ နှင့် ဆွေးနွေးရန် ရှိနေသည်ဟု ရိုက်တာ သတင်းက ဆိုသည်။

 

မင်းအောင်လှိုင်၏ စစ်ကောင်စီသည် ပြည်သူ့ တော်လှန်ရေး အင်အားစု များ၏ ပြင်းထန်သော ခုခံတွန်းလှန်မှု နှင့် ရင်ဆိုင်နေရပြီ ဖြစ်ရာ ရှေ့လျောက်လည်း ပို၍ ပြင်းထန်လာဖို့သာ ရှိနေသည်။

 

‌၎င်းတို့ စဉ်းစားရမည်က မနိုင်သည့်ပွဲ ကို တိုင်းပြည် အနာခံပြီး ဆက်တိုက်နေကြမည်လော၊ ဒီအတိုင်းပဲ ကပ်ရပ် ဆက်နေသွားကြမည်‌လော ဆိုသည်ကို အလေးအနက် စဉ်းစားချိန်ရောက်နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ -ဧရာဝတီ