အန်နဝါ အီဘရာဟင် ဝန်ကြီးချုပ် ဖြစ်ပြီ

by Hla Soewai - Nov 26 2022

မလေးရှားသည် လွတ်လပ်ရေး ရခဲ့သည့် ၁၉၅၇ မှ ၂၀၁၈ နှစ် အတွင်း ဝန်ကြီးချုပ် ခြောက်ဦးသာ အပြောင်းအလဲ ရှိခဲ့ပြီး ဝန်ကြီးချုပ် တိုင်းသည် အလှည့်ကျ ထီးနန်းဆက်ခံခဲ့ကြသော ဘုရင်တိုင်းလိုလို ကို မျက်စိရှေ့မှောက် တွေ့နေခဲ့ရစမြဲပင် ဖြစ်သည်။ မလေးရှား ထီးနန်းကို နိုင်ငံတွင်းရှိ ဒေသကြီး ကိုးခု မှ စော်ဘွားများက ငါးနှစ်တကြိမ် အလှည့်ကျ ဆက်ခံရသည့် စနစ်ကြောင့်လည်း ဖြစ်ပေသည်။

 

သို့သော် လက်ရှိဘုရင် ဆူလ်တန် အဗ္ဗဒူလာသည် ၎င်းထီးနန်းဆက်ခံခဲ့သည် ၂၀၁၉ နောက်ပိုင်းတွင် ဝန်ကြီးချုပ် သုံးဦးထိ အပြောင်းအလဲ ဖြစ်သွားသည်ကို တွေ့ခဲ့ရပြီ ဖြစ်သည်။

 

နိုဝင်ဘာ ၂၄ ရက်နေ့တွင်တော့ သူ့အဖို့ စတုတ္ထ ဝန်ကြီးချုပ် အဖြစ် မလေးရှား နိုင်ငံရေး လောက၏ လူဟောင်းကြီး အန်နဝါ အီဘရာဟင်ကို ခန့်အပ်ပေးရတော့မည် ဖြစ်သည်။

 

ဘုရင် အဖို့လည်း အင်မတန်မှ ခေါင်းခဲခဲ့ရသည့် အရေးလည်း ဖြစ်သည်၊ နိုဝင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်သည် မည်သည့် နိုင်ငံရေး ပါတီတခုတလေမျှ အစိုးရ ဖွဲ့နိုင်ဖို့ မဲအသာ မရရှိပဲ တိုးလို့တန်းလန်း ဖြ‌စ်‌ စေခဲ့သည်။

 

အန်နဝါ၏ ပြုပြင်ပြောင်းလဲရေး လိုလားသည့် ပါကာတန် ဟာရာပန် (PH) ညွှန်ပေါင်းအဖွဲ့သည် အမတ်နေရာ ၈၁ နေရာ ရရှိခဲ့သည်။ မူဟီဒင် ယာဆင်၏ ပါရိကာတန် နေရှင်နယ် (PN) ပါတီသည် ၇၃ နေရာသာ ရရှိခဲ့သည်။ မည်သူမျှ အစိုးရ ဖွဲ့နိုင်‌လောက်သည့် ၁၁၂ နေရာ မရရှိခဲ့သဖြင့် နှစ်ဦးစလုံးက လိုအပ်နေသည့် အမတ်နေရာ များ အတွက် ပါတီငယ်များ၊ တသီးပုဂွလိက များ၏ ထောက်ခံမှု ရဖို့ ကြိမ်းသေကြောင်း ဘုရင်အား အလုအယက် တင်ပြခဲ့ကြသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲသည် အရှေ့တောင်အာရှ တွင် စီးပွားရေး အားဖြင့် တတိယ ရှိနေသော မလေးရှားအား ဆယ်စုနှစ် တစုနီးပါး တပါတီတည်း အုပ်ချုပ်နေရာမှ အကွဲကွဲ အပြားပြား ဖြစ်လာသည့် နိုင်ငံရေး အရှုပ်အထွေးကြီးဆီ ဦးတည်သွား‌ အောင် တွန်းပို့ပေးခဲ့တော့သည်။

 

ယာဆင်သည် ဘော်နီယိုကျွန်းရှိ ပါတီငယ်များ၏ ထောက်ခံမှု ရမည့် အလားအလာများ ထွက်ပေါ်လာခဲ့သည်၊ ယာဆင်သည် ဝန်ကြီးချုပ် အဖြစ် ၁၇ လ ကြာ ထမ်းဆောင်ခဲ့ရာမှ ၂၀၂၁ တွင် အဆုံးသတ်သွားခဲ့ရသူ ဖြစ်သည်။ ထို့အတွက် လူထုအတွက် မသတီစရာ အလှည့်‌အပြောင်း အဖြစ် ဝန်ကြီးချုပ် ရွေးချယ်နိုင်ရေး အတွက် စည်းလုံးသော မလေး အမျိုးသား အစည်းအရုံး (UMNO) ပါတီသည် အခရာ ကျသည့် နေရာ ရောက်လာခဲ့ရသည်။

 

UMNO သည် ၁၉၅၇ မှ ၂၀၁၈ အထိ နိုင်ငံကို အုပ်ချုပ်ခွင့် ရသည့် ပါတီ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့ လာဒ် စားမှု အရှုပ်တော်ပုံများကြောင့် ၂၆ နေရာ သာ ရရှိခဲ့သည်။ UMNO မှ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ နာဂျစ် ရာဇတ်သည် လူထု ရံပုံ‌‌ ငွေ ဒေါ်လာ ၄.၅ ဘီလီယံ ကို လုယက် ယူငင်ခဲ့မှု ဖြင် ပြီးခဲ့သည့် ဩဂုတ်လ အတွင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံခဲ့ရသည်။ လူကြိုက်များ ခြင်း မခံရသည့် ပါတီဥက္ကဌ အာမက် ဇာဟစ် ဟာမီဒီ သည်လည်း အကျင့်ပျက် ခြစားမှု၊ ငွေကြေးခဝါချမှု များ နှင့် တရားစွဲဆိုခံနေရသည်၊ (၎င်းက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်)

 

UMNO ၏ လက်ရှိ ဝန်ကြီးချုပ် ဖြစ်သူ ပြောသမျှ ခေါင်းငြိမ့်တတ်သည့် အစ္စမေး ဆာဘရီ ယာကော့သည် ရွေးကောက်ပွဲ ကို စောစီးစွာ ခေါ်ယူခဲ့သည်။ အားလုံးက ဇာဟစ် ၏ တိုက်တွန်းမှုကြောင့်ဟု စွပ်စွဲခဲ့ကြသည်။ ထိုအတွက်လည်း UMNO သည် မလေးရှား ပြည်သူတို့၏ ယုံကြည်မှု ဆုံးရှုံးသွားခဲ့ရခြင်းလည်း ဖြစ်သည်။

 

မဲဆန္ဒရှင်များက ဇာဟစ်ကို မည်မျှပင် သဘောမကျ ဖြစ်နေစေကာမူ နောက်ဖွဲ့မည့် အစိုးရအတွက် သူသည် စေစားနိုင်သည့် နေရာသို့ ရောက်လာခဲ့ရသည်။ ဇာဟစ်မှ အန်နဝါသည် မိမိပါတီ၏ လူဟောင်းဖြစ်၍ ထောက်ခံသွားမည်ဟု ဘုရင်ထံ တိတ်တဆိတ် ရေးသားပေးပို့ခဲ့သည့် စာ သည် အပြင်သို့ ပေါက်ကြားသွားခဲ့သည်။ ဘုရင်သည် ဇာဟစ်၏ UMNO ပါတီ၏ ရွေးကောက်ခံ အမတ် တဒါဇင်ခန့်က မူဟီဒင်အား ထောက်ခံမည်ဟူသော စာများ လက်ခံရရှိလာခဲ့ပြန်သည်။

 

UMNO ပါတီ၏ အရေးပါ အရာရောက်သော နေရာတွင် ရှိနေသူများက ဇာဟစ်၏ အပြောသည် ပါတီကို ကိုယ်စားမပြုဟု ဆိုကာ ပယ်ချခဲ့ကြပြီး ၎င်းအား ဥက္ကဌ နေရာမှ ဖယ်ရှားရန် အားထုတ်လာခဲ့ကြသဖြင့် UMNO ညွှန်ပေါင်း အဖွဲ့ အတွင်း ပြဿနာများ ပေါ်လာပြီး နောက်ဆုံးတွင် မည်သူကိုမျှ မထောက်ခံတော့ဟု ပြောလာခဲ့သည်။

 

ထို့အတွက် ဆူလ်တန် အဗ္ဗဒူလာ ဘုရင်သည် တုံဏှိဘာဝေ နေ၍ မရတော့ပဲ UMNO အနေဖြင့် တဦးဦးအား မဖြစ်မနေ ထောက်ခံရမည်ဟု ညွှန်ကြားရသည့်အထိ ဖြစ်လာခဲ့သည်။ အန်နဝါ နှင့် မူဟီဒင်တို့အား မည်မျှပင် တယောက်မျက်နှာ တယောက် မကြည့်ချင်အောင် ဖြစ်နေသော်လည်း ညီညွတ်ရေး အစိုးရမျိုး အဖြစ် ပူးတွဲ ဖွဲ့စည်းရန် တိုက်တွန်းခဲ့ပြန်သည်။

 

နိုင်ငံရေး ပါတီများလည်း ဘုရင်၏ ဆန္ဒကို လိုက်လျောရဖို့ ဖြစ်လာခဲ့သည်။ UMNO မှ မူဟီဒင် အား ဝန်ကြီးချုပ်အဖြစ် မ‌ရွေးချယ်ပါက ထွက်ပေါ်လာမည့် ညီညွတ်ရေး အစိုးရကို ထောက်ခံမည်ဟု ကျေညာခဲ့သည်။ မူဟီဒင်၏ PN ပါတီသည်လည်း အန်နဝါ ဝန်ကြီးချုပ် အဖြစ် ဦးဆောင်မည့် ညီညွတ်ရေး အစိုးရကို ထောက်ခံရဖို့ ဖြစ်လာခဲ့ရသည်။

 

ဤသို့ဖြင့် အန်နဝါသည် သူ၏ နှစ်ပေါင်း လေးဆယ်ကြာ နိုင်ငံရေး သက်တမ်းအတွင်း အကြိမ်ကြိမ် လွဲခဲ့ရသည့် ဝန်ကြီးချုပ်ရာထူးကို ရရှိသွားခဲ့ရသည်။

 

အန်နဝါသည် သူ၏ ဆရာသမားလည်း ဖြစ် အကြိမ်ကြိမ် ဒုက္ခပေးခဲ့သူ ဝန်ကြီးချုပ်ဟောင်း အသက် ၉၇ နှစ်ရှိ မဟာသီယာ မိုဟာမက်သည် ‌ရွေးကောက်ပွဲတွင် အမတ်အဖြစ် ပြန် အရွေးမခံရတော့သည် အထိ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရသည့် အပြင် ရွေးကောက်ပွဲ စပေါ်ငွေပါ ဆုံးသွားခဲ့ရသည့်အဖြစ်ကို အရသာခံ ကြည့်နိုင်ခဲ့ပြီ ဖြစ်သည်။

 

"ဘုရားသခင်သည် အန်နဝါ ဝန်ကြီးချုပ် ဖြစ်လာသည်ကို မြင်တွေ့နိုင်ရန် သူ့အား အသက်ရှည်ခွင့် ပေးထားခဲ့ခြင်းသာ ဖြစ်သည်" ဟု တွစ်တာတွင် လှောင်ပြောင်ခဲ့ကြသည်။

 

အန်နဝါ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီ ဆိုသော သတင်းအားလည်း မလေးရှား ပြည်သူများက အံ့အားတသင့် ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

 

သို့သော် မလေးရှား စီးပွားရေး အလားအလာ မှုန်မှိုင်းလာနေချိန်မျိုးတွင် နိုင်ငံ၏ ဆယ်ဦးမြောက် ဝန်ကြီးချူပ် ဖြစ်လာသူ အန်နဝါသည် မဖြစ် မနေ လုပ်ရန် ရှိနေသည့့် လူကြိုက်များဖို့ မရှိသော စီးပွားရေး အစီအမံများ အကောင်အထည် ဖေါ်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်၊ ထိုအထဲတွင် ဓါတ်ဆီဈေး နှုန်းကို လူထု အတွက် အစိုးရက တစိတ်တပိုင်း စိုက်ထုတ်ကျခံပေးနေမှုကို ပယ်ဖျက်ပစ်ရဖို့ ရှိနေသည်။

 

(၂၀၂၂ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "Anwar Ibrahim becomes Malaysia's prime minister" ဆောင်းပါးကို ကောက်နှုတ်တင်ပြသည်)