သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(77)

by Hla Soewai - Dec 07 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၄)

 

ထိုသို့ အလုပ်လုပ် နိုင်စွမ်း ရှိသူများ ပေါများလာသည့် အဖြစ်ကို အထူးသဖြင့် အင်္ဂလန် တွင် အထင်အရှား တွေ့မြင်လာရသည်။ ဗြိတိသျှ မြေပိုင်ရှင်ကြီးများသည် ထိုသို့ လုပ်အားများ ပေါကြွယ်လာနေသည်ကို ကြည့်ပြီး ပြည်ပ သို့ တင်ပို့နေသော စားသောက်ကုန် နှင့် သိုးမွှေး လုပ်ငန်းများကို တိုးချဲ့ရန် အခွင့်အရေး တရပ် အဖြစ် အသုံးချဖို့ ကြံစည်နေကြသည်။

 

ဤသို့ဖြင့် လုပ်ငန်း တိုးချဲ့ရန် အတွက် အများပိုင် မြေ အဖြစ် သတ်မှတ်ထားသည့် မြေယာ အများအပြားကို ပုဂ္ဂလိက ပိုင် အဖြစ် သွတ်သွင်းလာခဲ့သည်။ ‌မြေပိုင်ရှင်ကြီးများ ကြွယ်ဝသည်ထက် ကြွယ်ဝလာကြပြီး လယ်သမားများ အတွက် လုပ်ကွက်သည် ကျဉ်းသည်ထက် ကျဉ်းလာခဲ့ရသည်။

 

ထို့အတွက် မိမိတို့ အရပ်ဒေသတွင် ဆက်နေ၍ မဖြစ်ကြတော့သဖြင့် လယ်သမားများသည် အလုပ်အကိုင် ရှာဖွေရန် မြို့ကြီးပြကြီးများသို့ ရွှေ့ပြောင်းလာခဲ့ကြရသည်။ အင်္ဂလန်သည် ငွေပင်ငွေရင်း တွင် သာမက ပေါများလာနေသော အလုပ်သမား အင်အားကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။ ထိုအနေအထားတွင် တီထွင်ဆန်းသစ်သည့် နည်းပညာများ ထွက်ပေါ်လာခဲ့သည်။

 

၁၈ ရာစု နှစ် တလျှောက်လုံးနီးပါး ဗြိတိသျှ ဝါဂွမ်းလုပ်ငန်းသည် နိုင်ငံမြောက်ပိုင်းတွင် သေးငယ်လှသည့် အိမ်တွင်းမှု အလုပ်သာသာမျှ ရှိပေသေးသည်။၁၇၇၀ တွင် ဂျိမ်းစ် ဟာဂရိဗ် သည် သူတီထွင်နိုင်ခဲ့သည့် ဝါဂွမ်းမှ အထည်အလိပ် ရက်လုပ်နိုင်သည့် ကိရိယာ ကို မူပိုင်ခွင့် လုပ်လာခဲ့သည်။ ထိုစက်ကိရိယာသည် ယခင် ရက်လုပ်ခဲ့ကြရသော အချိန်နှင့် နှိုင်းစာလျှင် တခဏ အတွင်း ပြီးစီးနိုင်သည့် အမျိုးအစားလည်း ဖြစ်သည်။

 

ဟာဂရိဗ် သည် spinning jenny ဟု အမည်ပေးထားသည့် ဘီး ခြောက်ဘီး ပါ ယက္ကန်းစက် ဖြင့် ဗြိတိသျှ အထည်အလိပ် လုပ်ငန်းကြီးကို မန်းမှုတ် လိုက်သည့် အလား ရုတ်ခြည်း အသွင်ပြောင်းပေးနိုင်ခဲ့သည်။ ထိုမှတဆင့် ကမ္ဘာတဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည်။ တဆက်တည်းဆိုသလို စကော့ အမျိုးသား ဂျိမ်းဝပ်သည် ယခင် ရှိခဲ့သောရေ‌နွေးငွေ့သုံး အင်ဂျင် ကို တိုးတက်အောင် တီထွင်လာနိုင်ခဲ့ပြန်သဖြင့် အင်္ဂလိပ်တို့၏ ကုန်ထုတ်လုပ်မှု နှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍသည် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ရပေတော့သည်။ (ပုံတွင် တွေ့နိုင်သည်)

 

အထည် အလိပ် ထုတ်လုပ်မှုသည် ယခင်ကကဲ့သို့ စွမ်းအင် အတွက် လေရဟတ်များနှင့် ရေဒလက်ကြီးများကို အားထားစရာ မလိုတော့ပေ။ ထိုအစား အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ရေနွေးငွေ့ အင်ဂျင်ကို စိတ်ချလက်ချ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။

 

ကုန်ထုတ်စွမ်းအားသည်လည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။ နှစ်ငါးဆယ် အတွင်းမှာပင် ယခင်က အလုပ်သမား ၂၀၀ ခန့် ယက်လုပ်မှ ထွက်ရှိနိုင်သည့် အလုပ်ကို အလုပ်သမား တယောက်တည်းမှ ထုတ်လုပ်လာနိုင်ပြီ ဖြစ်သည်။

 

ရေနွေးငွေ့ သုံး စွမ်းအင်သည် အခြားသော စက်မှု လုပ်ငန်းများသို့ပါ နယ်ချဲ့လာခဲ့သည်။ ၁၇၈၈ တွင် သံထည် လုပ်ငန်းများတွင် ရေနွေးငွေ့သုံး အင်ဂျင်စက်ဖြင့် မီးပြင်းဖိုကြီး များကို မောင်းနှင်နိုင်ခဲ့သဖြင့်စက်ရုံအလုပ်ရုံများ အတွက် ခိုင်ခံသော စက်ပစ္စည်းများ၊ မီးရထား သံလမ်းများကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။

 

ဤသို့ဖြင့် ကုန်ထုတ်လုပ်မှုသာမက သယ်ယူပို့ဆောင်ရေး သည်လည်း တခေတ်ပြောင်းလာခဲ့ပြီ ဖြစ်သည်။ ကုန်ပစ္စည်းများအား ဈေးချိုချို နှင့် ထုတ်လုပ်နိုင်ခဲ့ပြီး လျှင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်ခဲ့ကြသည်။

 

၁၈၃၀ တွင် လီဗာပူး အင် မန်ချက်စတာ မီးရထားလုပ်ငန်းကို စတင် ဖွင့်လှစ်နိုင်ခဲ့သည်နှင့်အမျှ အင်္ဂလိပ်တို့၏ လူနေမှု ဘဝသည် စတင်ပြောင်းလဲလာခဲ့ရသည်။ တနာရီလျှင် ၁၆ မိုင်နှုန်းဖြင့် ခုတ်မောင်း နိုင်၍ အင်္ဂလန် မြောက်ပိုင်း မြို့ကြီး နှစ်မြို့ကို ဆက်သွယ်ပေးနိုင်ခဲ့သည်။

 

ကုန်စည် စီးဆင်းမှု မြန်ဆန်လာ၍ ဈေးကွက်များ ဖြစ်ထွန်းလာသည်။ စက်ရုံ အလုပ်ရုံကြီးများလည်း ပေါ်ထွန်းလာခဲ့သည်။ ငွေပင်ငွေရင်းများ ထုတ်ကာ လုပ်ငန်း တိုးချဲ့ မြုပ်နှံလာကြ၍ ကုန်ထုတ်လုပ်မှု တိုးတက်လာကာ ‌အမြတ်အစွန်းများ ထွက်ပေါ်လာခဲ့သည်။