သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(79)

by Hla Soewai - Dec 13 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၆)

စက်မှု တော်လှန်ရေး၏ အစောပိုင်း ကာလများ တွင် အလုပ်သမားများသည် လုပ်ခ မဖြစ်စလောက် လေးဖြင့် ပင်ပန်းဆင်းရဲကြီးစွာ ဖြင့် နေ့စဉ် နာရီပေါင်း များစွာ ကြာအောင် လုပ်ကိုင်ခဲ့ကြရသည်။ အမျိုးသား၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များသည် ဝတ်ရသည်မှာလည်း စုတ်စုတ်ပြတ်ပြတ်၊ စားရသည်မှာလည်း သဲနှင့် ရှပ်ရှပ် ဆိုသလို ဖြစ်နေ၍ လုပ်ငန်းခွင် လုံခြုံရေး ဆိုသည်ကို အပထား၊ ကျန်းမာရေး ကိုပင် ဂရုမစိုက်နိုင်ပဲ အသက်ရှင်သန်ခွင့်ရရေး သည်သာ အဓိကဟု သဘောထား လုပ်ကိုင်နေထိုင်ခဲ့ကြရသည်။

 

မိသားစု အားလုံး ယခင်က လယ်ယာ ခြံမြေများ တွင် လုပ်ကိုင်ခဲ့ကြရသလို အတူတကွ လုပ်ကိုင်ခဲ့ကြရသည်။ ကလေးများလည်း မိဘများ နှင့် အတူ ဒိုးတူဘောင်ဖက် လုပ်ကိုင်ကြရပြီး ကလေး အလုပ်သမား ဆိုသည်က နေမဝင် အင်ပါယာ ကြီးဟု ခေါ်ဆိုနေကြသည့် ဗြိတိန် နိုင်ငံတဝှမ်း တွင် ထူးဆန်းသည့် မြင်ကွင်း မျိုး မဟုတ်ပဲ ဖေါခြင်းသောခြင်း ဖြစ်လာခဲ့သည်။

 

အောက်စဖို့ တက္ကသိုလ်ကြီး၏ သမိုင်းပညာရှင် ဂျိမ်း ဟမ်ဖရေးသည် ၁၉ ရာစုနှစ် အစပိုင်းတွင် ဗြိတိသျှ ကလေး အလုပ်သမားပေါင်း တသန်းကျော်မျှ ပင် ရှိခဲ့သည်ဟု မှတ်တမ်းမှတ်ရာ များ နှင့် ဖေါ်ပြခဲ့သည်။ ထိုအထဲတွင် အသက်အားဖြင့် ခုနှစ် နှစ်မှ ဆယ်နှစ်အထိ ရှိသည့် လူမမည် ကလေးသူငယ်ပေါင်း သုံးသိန်းခွဲခန့်အထိပင် ရှိသည်ဟု ဆိုသည်။ ဗြိတိသျှ အလုပ်သမား အင်အား တရပ်လုံး ၏ ၁၅ ရာနှုန်းအထိပင် ရှိနေခဲ့သည်။

 

အဘယ်ကြောင့် လူမမည် ကလေးသူငယ်ပေါင်း များစွာ ကို အလုပ်သမား များ အဖြစ် စေခိုင်းခဲ့ကြရသနည်း။ မိဘများ နှင့် အတူ အလုပ်ခွင်သို့ လိုက်ပါလာ၍ အလျင်းသင့်သလို ခိုင်းစေခဲ့ကြခြင်းမျိုး မဟုတ်ပဲ ဗြိတိသျှ စက်ရုံအလုပ်ရုံ ပိုင်ရှင်များက ဈေးပေါပေါ နှင့် အသုံးတည့်သည်ဟု ယူဆကာ တမင် ရွေးချယ် ခိုင်းစေခဲ့ကြခြင်း သာ ဖြစ်သည်။ ကလေးများ၏ အရပ်အမောင်း ကလည်း ပေါ့ပေါ့ပါးပါး နှင့် ၎င်း တို့ အလုပ်အတွက် လွန်စွာမှ အသုံးဝင်နေပြန်သည်။

 

ကလေးများသည် ယက္ကန်းစက်များ တွင် တနေကုန် မတ်တတ်ရပ်ပြီး ကြိုးပြတ်သွားသော ချည်စများ ကို ပြုပြင်ရခြင်း၊ စက်အောက်သို့ ဝမ်းလျှားမှောက် တိုးဝင်ကာ ညပ်နေနေသော ပစ္စည်းများကို ရှင်းထုတ်ရခြင်း များ အတွက် လွန်စွာ မှ အသုံးတည့်နေသည်။ သို့သော်လည်း ထိုသို့ ကလေးများ၏ လုပ်အား ကို ခေါင်းပုံဖြတ် အမြတ်ထုတ် ခိုင်းစေနေခြင်းသည် ရွံရှာဖွယ် လုပ်ရပ် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံသားများ တဖြေးဖြေး နှင့် သဘောပေါက်စပြုလာကြသည်။

 

နောက်ဆုံးတွင် ဗြိတိသျှ လွှတ်တော်မှ စုံစမ်း စစ်ဆေးလာရသည် အထိ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ၁၈၃၃ ခုနှစ်တွင် အသက် ကိုးနှစ်အောက် ကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ခိုင်းစေခြင်းအား တားမြစ်သည့် စက်ရုံအလုပ်ရုံ ဥပဒေကို အတည်ပြု ထုတ်ပြန်ခဲ့ကြသည်။ ထိုဥပဒေတွင် ကိုး နှစ် အထက်မှ ဆယ့်သုံးနှစ်အထိ ရှိ ကလေးသူငယ်များ၏ တနေ့ အလုပ်ချိန်ကိုလည်း ကန့်သတ်ပေးခဲ့သည်။

 

သို့သော်လည်း အငတ်ငတ် အပြတ်ပြတ် နှင့် တထွာမျှသော ဝမ်းဗိုက်အား ဖြည့်ဆည်းနေရရှာသည့် မိသားစုများ အဖို့ ၎င်းတို့ ရင်သွေးများ၏ လုပ်ခကို အပူတပြင်း လိုအပ်နေရှာသည်။ ထို့အပြင် ရင်သွေးများကို အိမ်မှာပင် ပစ်ထားကာ လုပ်ငန်းခွင် သွားရမည့် အရေး အတွက်လည်း စိုးရိမ်မကင်း ဖြစ်လာကြသည်။ ကလေးသူငယ်များသည် ထိုဥပဒေ ကြောင့် အိမ်မှာပင် ဖြစ်ချင်ရာ ဖြစ် ပစ်ထားခဲ့ကြရပြီး မိဘများက လုပ်ငန်းခွင်သို့ ထွက်လာခဲ့ကြရသည်။ ထို့အတွက် မိဘများသည် တနေ့လုံး အိပ်ပျော်နေစေရန် မိမိတို့ ၏ လမ်းလျှောက်တတ်စ ကလေးများ၏ နို့ဘူးများထဲတွင် ဘိန်းဆီကိုပင် ထည့်တိုက်ပြီး အိမ်တွင် ထားခဲ့ကြရသည်။

 

တနေ့တခြား စက်မှု လုပ်ငန်း တိုးတက် ထွန်းကားလာ၍ တိုက်တာ အဆောက်အဦးများ ဖြင့် စည်ကားလာနေသော မြို့ကြီးပြကြီး များ သည် ထိုသို့ ဖြစ်လာရန် အလုပ်အကျွေး များစွာ ပြုခဲ့သော အလုပ်သမား လူတန်းစားတို့၏ လူနေမှု ဘဝကို မြှင့်တင်ပေးရန် သတိရခဲ့ကြခြင်း မရှိ၊ အလုပ်သမားများသည် ထိုမြို့ကြီးများတွင်ပင် လူ့အောက်ဆုံးလွှာ ဘဝဖြင့် ရုန်းကန်နေကြရပြီး နေရပြန်တော့လည်း မလှုပ်သာ မလွန့်သာ အခေါင်းပေါက် သာသာ အခန်းကျဉ်းလေးများ ထဲတွင် စုပြုံတိုးဝှေ့နေထိုင်ကြရသည်၊ ထိုသို့ နေထိုင်ကြရသည့် အဖြစ်ကိုပင် အောက်တန်းစား ကလေကချေ များ နေထိုင်ရာ ရပ်ကွက်အဖြစ် ရဲအဖွဲ့ကပင် လစ်လျှု ရှု့ခြင်း ခံခဲ့ရသည်။

 

၁၉ ရာစုနှစ် အစတွင် ဗြိတိန်တွင် လူဦးရေ ၏ ၁၇ ရာနှုန်းသာ မြို့ပြများ တွင် နေထိုင်ခဲ့ရာမှ ၁၈၅၁ ခုနှစ်တွင် ဗြိတိန်သည် ကမ္ဘာပေါ်တွင် မြို့ပြတွင် နေထိုင်သော လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ သက္ကရာဇ် ၁၈၀၀ တွင် လန်ဒန် လူဦးရေသည် တသန်း ခန့်သာ ရှိခဲ့သော်လည်း နှစ်ဆယ်ရာစုနှစ် အစ တွင် ခြောက်ဆ ခန့်အထိ ဖြစ်လာခဲ့သည်။ အခွင့်အလန်းများ တိုးပွားလာမှု နှင့် အတူ ရောဂါဘယများလည်း ဝင်ရောက်လာခဲ့ရပေတော့သည်။

 

(ထို့အတွက် အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်မှ နှစ်ဆယ်ရာစု နှစ် အစောပိုင်း လန်ဒန် အလုပ်သမား လူတန်းစားတို့၏ လူနေမှု ဘဝ ကို လေလွင့် သင်္ဘောသား ဒုက္ခိတ အာဂန္တု အဖြစ် အယောင်ဆောင်ကာ ဝင်ရောက်ထိုးဖေါက်ပြီး “အရှင်လတ်လတ် ငရဲကျနေသူများ” (The People of the Abyss) ခေါင်းစဉ်ဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့၍ ဗြိတိသျှ အရင်းရှင်များ ဆတ်ဆတ်ခါ နာကြည်းသွားခဲ့ကြသည်ဟု ဖတ်ရှု့ မှတ်သားခဲ့ရသည်။)