သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထပ်မံ သက်တမ်းတိုးပေးလိုက်ပြီဟု သတင်းများ ထွက်ပေါ်၊ Gen Lee တို့ အကြောင်း တစေ့တစောင်း

by Hla Soewai - Dec 14 2022

ကုလ ဆိုင်ရာ အမျိုးသား ညီညွတ်ရေး အစိုးရ၏ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း အား နောက်ထပ် တနှစ် သက်တမ်း ထပ်မံတိုးမြှင့်ပေးရန် သဘောတူလိုက်ကြောင်း အမည် မဖေါ်လိုသော ကုလ သံတမန်တဦးက ဗီအိုအေ ကို ပြောသည်ဟု သတင်း ပါရှိလာသည်။

 

သူသည် ကုလမှ တရားဝင် ကျေညာချက် မထုတ်သေးမီ ယခုလို အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။ ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီတွင် ရုရှား၊ တရုတ်၊ အမေရိကန်၊ အင်ဂိုလာ၊ ဩစတီးယား၊ ဂူယာနာ၊ မော်ဒိုက်၊ ယူရုဂွေး နှင့် ဇမ်ဘီယာ စုစုပေါင်း ကိုးနိုင်ငံ ပါဝင်နေသည်။

 

ထိုဆုံးဖြတ်ချက် သည် ကုလသမဂ္ဂ မှ မြန်မာ ရှိ စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ်ပြုရန် ဆက်လက် ငြင်း ဆန်နေဆဲ ဖြစ်သည်ကို တရားဝင် အသိပေးလိုက်ခြင်း ပင် ဖြစ်သည်။ စစ်ကောင်စီသည် အသိအမှတ်ပြု ခံရရေး အတွက် အာဖဂန်နစ္စတန် ရှိ တာလီဘန်များ နှင့် အတူ ဆက်လက် ကြိုးပမ်းရတော့မည် ဖြစ်သည်။ ကုလ အဖွဲ့ဝင် ၁၉၃ နိုင်ငံ အနက် ထိုသို့ အသိအမှတ်ပြုခံရ‌ရေး ကြိုးပမ်းနေသည့် အဖွဲ့ ဆို၍ မြန်မာ စစ်ကောင်စီ နှင့် တာလီဘန် တို့သာ ရှိပေသည်။

 

ဒီဇင်ဘာ ၈ ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးများ နေ့တွင် အကြမ်းဖက် စစ်တပ်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ သော မြန်မာ ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်း ကိုဂျင်မီ အား ဂုဏ်ပြု သည့် အနေဖြင့် ပေါ်တူဂီ အနုပညာရှင် Paulo Andringa ၏ ဖန်တီးမှု လက်ရာအား ဗြိတိသျှ အစိုးရက လန်ဒန်ရှိ ပါလီမန် အဆောက်အအုံ၌ ထွန်းညှိ ပြသထားသည်ကို တွေ့ရမည် ဖြစ်သည်။

 

ကနေဒါ အစိုးရမှ အကြမ်းဖက် စစ်တပ်အား လေယာဉ်ဆီ တင်သွင်းနေသည့် မြန်မာပြည်တွင်းရှိ Asia Sun Group အား ဗွေဆော်ဦး အရေးယူ ဒဏ်ခတ်မှု စတင် ပြုလုပ်လာပြီ ဖြစ်သည်။

 

တကမ္ဘာလုံး က မြန်မာ ပြည်ရှိ အခြေအနေများ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေသည်ကို အသိအမှတ် ပြုလာ ချိန်တွင် မြန်မာပြည်ရှိ ပညာတတ် ဂျင်လီးများသည် ထိုသို့ ယူဆနေခြင်းသည် မမှန်ကြောင်း၊ တိုင်းပြည်သည် ယခင်အတိုင်း ပုံမှန်လည်ပတ်လျှက် ရှိနေသည် ဆိုသည်ကို ထောက်ခံ ပြောဆိုနေသည့် လုပ်ရပ်များအား မရည် ရွယ်ဘဲ ပြုလုပ်နေကြကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ထိုအကြောင်းကို ဧရာဝတီ သတင်းဌာနမှ ဆောင်းပါးရှင် ဗညားအောင် မှ “Myanmar’s ‘Neutral’ Intellectual are Poison” (ကြားနေ ပညာတတ် ဆိုသူများသည် အဆိပ် အတောက် ဖြစ်လာ) ဆိုသော ဆောင်းပါးဖြင့် ဖေါ်ပြလာခဲ့သည်။

 

မြန်မာ နိုင်ငံရေး သမိုင်းတွင် ထိုကဲ့သို့ ရန်သူ နှင့် ပြေရာပြေကြောင်း ဆက်ဆံလိုသည့် ရွှေပြည်အေး ဝါဒီ အချောင်သမား ဝါဒသည် ရှိခဲ့ပြီး ဖြစ်၍ အဆန်းတကြယ်တော့ မဟုတ်ဟု ဆိုသည်။ သို့သော် စစ်ဗိုလ်ချုပ် များသည် ၎င်းတို့ အာဏာတည်မြဲရေး မှ လွဲ၍ ရွှေပြည်အေး ရေး အတွက် လိုလားကြသူများ မဟုတ်ပေ။

 

ဤသို့ ဖြစ်လာရခြင်းမှာ ၎င်းတို့၏ စိတ်တွင် ရန်သူ သည် မနိုင် လောက်အောင် အင်အားကြီးမားလာနေပြီ ဟု သတ်မှတ်ပြီး ပူးပေါင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခင် ခံယူခဲ့သော နိုင်ငံရေး ခံယူချက်များ အား ရန်သူထံမှ ရနိုင်သည့် အခွင့်အ‌ရေး များနှင့် လဲလှယ် ရန် အားထုတ်လာခြင်း မျိုး ဖြစ်သည်။

 

အချို့သည် စစ်ကောင်စီ နှင့် ပွင့်ပွင့်လင်းလင်း ပူးပေါင်းနေကြသော်လည်း အချို့သည် ရိပ်စားနိုင်ခြင်း မရှိ လောက် အောင် သိုသိုသိပ်သိပ် လုပ်နေကြသည်။

 

ထိုသူတို့ စိတ်ထဲတွင် ရန်သူကို အန္တရာယ် မရှိလောက် ဟု ယူဆကာ ပြုမူခြင်း မှန်သမျှသည် ရန်သူ ကျေနပ် အောင် မရည်ရွယ်ဘဲ ပံ့ပိုးပေးနေခြင်းသာ ဖြစ်သည်။

 

ထိုအကြောင်းကို Nikkei Asia Review ကလည်း မြန်မာ ဂျင်လီးများသည် စိတ်များ မွန်းကျပ်လာသည့် ဒဏ်ကို မခံနိုင်ဟု အကြောင်းပြချက် ဖြင့် ကာရာအိုကေများ၊ ဘားများတွင် သာမက ပျော်ပွဲရွှင်ပွဲများ ပင် ကြံဖန်၍ ဖန်တီး လာကြသည်ဟု ရေးသားထားခဲ့ပြန်သည်။ သူတို့ စိတ်မွန်းကျပ်သည်ထက် အဆပေါင်း များစွာ ကိုယ်ရော စိတ်ပါ ဒုက္ခပင်လယ်ဝေနေကြသူများ သိန်းချီ သန်းချီ ရှိနေကြသည်ကိုတော့ သတိမူရန် ပျက်ကွက်ခဲ့ကြသူများ ဖြစ်လာ နေသည်။

 

စစ်ကောင်စီ နှင့် ဆွေးနွေးရန် ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များသည် ငြိမ်းချမ်းရေး ဟု အမည်ခံကာ ရန်သူထံမှ သက်သာရာ သက်သာကြောင်း ဖြစ်ရေး ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ စစ်တပ်မှ ပြည်သူများ အပေါ် သတ်ဖြတ် မီးရှို့နေသည့် လုပ်ရပ်များကို ရပ်တန့်ပေးရန် တခွန်းတပါဒမျှ တောင်းဆိုခဲ့ခြင်း မရှိသည်ကပင် ရန်သူ နှင့် ပြေရာပြေကြောင်း ဖြစ်ရန် ဒူးထောက်လာကြခြင်း ဖြစ်ကြောင်း ထင်ရှားနေပေသည်။ သူတို့သည် စစ်တပ်အကြောင်း ကောင်းစွာ သိရှိထားကြသူများ ဖြစ်ကြသည့် အတွက် ဖက်ဒရယ်အရေး၊ ဒီမို ကရေစီ အရေး၊ ငြိမ်းချမ်းရေး များ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်လောက်အောင် အတွေးအခေါ် ပိုင်း ချို့ယွင်း နေကြသူများ မဟုတ်သည်မှာ သေချာလှပေသည်။ ရန်သူ ဖက်ကလည်း ၎င်းတို့ အချင်းချင်းပင် မယုံ သင်္ကာဖြင့် ဆက်ဆံနေကြသူများ ဖြစ်၍ တဖက်က ပြောသည်များကို အပြုသဘော အဖြစ် လက်ခံ စဉ်းစားကြ မည်လည်း မဟုတ်ပေ။

 

ထိုသို့ ဆွေးနွေးရန် ကြိုးပမ်းသူများသည် စစ်ကောင်စီ၏ လုပ်ရပ်များ အပေါ် ဝေဖန် ပြောဆိုရန် စိတ်ကူး မရှိကြ၊ ၎င်းတို့ထံမှ ဘာများ ရ လာနိုင်သည် ဆိုသော အယူအဆအပေါ် အခြေခံကာ ချဥ်းကပ်နေခြင်းမျိုး ဖြစ်သည်ဟု ဧရာဝတီ က ဆိုသည်။

 

ထိုသို့သော ခံယူချက် ရှိသူများ သည် တော်လှန်‌‌ရေး အတွက် အဆိပ်အတောက်များသာ ဖြစ်လာနေသည်ကို ပြည်သူများ အနေဖြင့် သတိပြုရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - Mizzima