အာဂျင်တီးနားရှိ နိုင်ငံရေး သမားများကို သင်ခန်းစာပေးလိုက်သည့် ဘော်လုံးအသင်း

by Hla Soewai - Dec 19 2022

အာဂျင်တီးနားသည် ကမ္ဘာဖလား ပွဲအား လူကြိုက် အနည်းဆုံး အသင်း ဖြစ်သည့် ဆော်ဒီ အာရေဗီယား အား အရှုံးနှင့် စတင်ခဲ့ရပြီး လက်ရှိ ချန်ပီယံ ပြင်သစ်ကို အနိုင်ရ ဗိုလ်စွဲ သွားခဲ့ပြီ ဖြစ်သည်။ 

 

သုံးဂိုး သရေဖြစ်နေသည့်အတွက် ပင်နယ်တီ ဖြင့် အဆုံးအဖြတ် ပေးခဲ့ရာ ဂွန်ဇာလို မွန်တီးလ်၏ နောက်ဆုံး ကန်သွင်းလိုက်သည့် ဘော်လုံးသည် ပိုက်နှင့် မိတ်ဆက်သွားချိန်တွင်တော့ ဗြူနိုအေရိစ် မြို့လယ်ကောင်ရှိ အာဗင်ဒီဒါ နိုင်း ဒဟိုလီယို ရင်ပြင်ကြီးရှိ သန်းနှင့် ချီသော အာဂျင်တိုင်းတို့၏ ဟစ်ကြွေးသံကြီးက မိုးလုံး ဟိန်း တမျှ ထွက်ပေါ်လာခဲ့တော့သည်။

 

ထိုမျှသာ မကသေး မြို့တော်တခွင် မီးရှူးမီးပန်းများ ဖောက်လွှတ်ခြင်း၊ သီချင်းများ သီဆို ကခုန်ခြင်း နှင့် ကားဟွန်းများ သံပြိုင်တီးခြင်းများ ဖြင့် ဝက်ဝက်ကွဲ ဆူညံသွားခဲ့သည်။

 

La Selection ဟု ခေါ်ဝေါ်ကြသည့် အာဂျင်တီးနား အမျိုးသား ဘော်လုံး အသင်းသည် ကမ္ဘာဖလား သမိုင်းတွင် သုံးကြိမ်မြောက်၊ ၁၉၈၆ နောက်ပိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် ဖလားကြီးကို တိုင်းပြည်သို့ ယူဆောင်လာကြပေတော့မည်။

 

၂၀၁၈ တွင် ပြင်သစ်တို့ ဖလားကြီးသယ်သွားစဉ်က ကစားသမား အားလုံးနီးပါးသည် ငယ်ရွယ်ပြီး ကမ္ဘာတွင် ကြေးအကြီးဆုံး များ ဖြစ်နေခဲ့သည်။ ထိုစဉ်က ကီလီယန် မာဖေးသည် အသက် အားဖြင့် ဆယ့်ကိုးနှစ်သာ ရှိသေးပြီး ကမ္ဘာဖလား တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် ဒုတိယ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာသည်၊ (ဘရာဇီးမှ ပီလီသည် အသက် ဆယ်ခုနှစ် နှစ် အရွယ် ၁၉၅၈ တွင် ကမ္ဘာဖလားတွင် စတင် ပါဝင်ခဲ့သည်)။

 

မက်ဖေးသည် ကမ္ဘာဖလား နောက်ဆုံး ဗိုလ်လုပွဲတွင် သုံးဂိုးတိတိ သွင်းယူ နိုင်ခဲ့သည့် ဒုတိယမြောက် ကစားသမား တဦး ဖြစ်သွားခဲ့သည်။

 

ယခုတကြိမ် ပြင်သစ် အမျိုးသား အသင်းတွင် ပါဝင်သူ စုစုပေါင်း၏ ပေါက်ဈေးသည် ‌ဒေါ်လာ ၁.၁ ဘီလီယံ ရှိနေပြီး အာဂျင်တီနားသည် ဒေါ်လာသန်း ၇၀၀ ခန့်သာ ရှိနေသည်။ သို့သော်လည်း အာဂျင်တိုင်းတို့က ပြင်သစ် တို့ လက်မှ ဖလားကို ရယူနိုင်ခဲ့ကြသည်။

 

ထိုသို့ ရယူ နိုင်ရန် ဂုဏ်ရောင် ထွန်းပြောင်စွာ ဖန်တီးပေးနိုင်ခဲ့သူ သည် အသင်း ခေါင်းဆောင် အသက် ၃၅ နှစ်ရှိ လီယွန်နယ် မက်ဆီပင် ဖြစ်ပေသည်။ မက်ဆီအား ကမ္ဘာအထူးချွန်ဆုံး ဘော်လုံးသမား အဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း သူ၏ လက်နှင့် ကမ္ဘာ တန်ဖိုးအရှိဆုံး ရုပ်ထုကြီးကိုတော့ တကြိမ်တခါမျှ လက်နှင့် ထိခွင့် မကြုံခဲ့သေးပေ။ ယခုပွဲတွင်တော့ ထိုက်ထိုက်တန်တန်ပင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး တသင်းလုံး အတွက် တောက်လျှောက် အထောက်အကူ ပြုပေးနိုင်ခဲ့သည်။

 

အာဂျင်တီနား ပရိသတ် သည် ယခု ဖလားသည် သူတို့နိုင်ငံ၊ သူတို့ ကက်ပတိန် အတွက် ဖြစ်စေရမည်ဟု ကြွေးကျော်ခဲ့ကြသည်။ ဒိုဟာ သို့ အာဂျင်တီနားမှ လူ ငါးသောင်းခန့် လာရောက်အားပေးခဲ့ကြပြီး ၎င်းတို့ထက် ပို၍ ချမ်းသာကြွယ်ဝပြီး လူဦးရေအားဖြင့်လည်း ပို၍ များပြားသည့် ပြင်သစ်ကမူ လူတသောင်းခန့်သာ ရောက်လာခဲ့သည်။

 

မက်ဆီသည် သူ၏ နိုင်ငံ နှင့် ဆက်ဆံရေး သည် ကွက်တိကွက်ကျား အဆင့်သာ ရှိခဲ့သည်။ အသက် ၁၃ နှစ် အရွယ်ကတည်းက ဥရောပတွင် သွားရောက်လေ့ကျင့်နေခဲ့သူလည်း ဖြစ်သည်။ ငယ်စဉ်ကပင် ဟော်မုန်း ကြီးထွားဆေး သောက်နေခဲ့ရပြီး သူ၏ အနေအထိုင် အပြောအဆိုသည် ပြီးခဲ့သည့်ရာစု နှစ် အတွင်း မီဂါစတား ဖြစ်ခဲ့သည့် မာရာဒိုနာ နှင့် အကွာခြားကြီး ကွာခြားနေပြန်သည်။ မာရာဒိုနာမှ ၂၀၁၆ ခုနှစ် အတွင်း မက်ဆီတွင် ခေါင်းဆောင် ဖြစ်လောက်သည့် ကိုယ်ရေကိုယ်‌သွေး မရှိဟု နောက်ကွယ်တွင် ပြောဆိုခဲ့ဖူးသည်။

 

အာဂျင်တိုင်းများက မက်ဆီသည် ဘာစီလိုနား ကလပ် အတွက်သာ အောင်ပွဲများ ဆွတ်ခူးပေးနေမှု အပေါ် စိတ်ကွက်ခဲ့ကြသည်။ မက်ဆီ၏ ခေါင်းဆောင်မှု အောက်တွင် ကမ္ဘာဖလားပွဲတွင် တကြိမ်၊ တောင်အမေရိက ဖလားဖြစ်သည့် ကိုပါ အမေရိကား ၏ ဗိုလ်လုပွဲတွင် နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့ဖူးသည်။ မက်ဆီသည် စိတ်ပျက်လက်ပျက် နှင့် ၂၀၁၆ တွင် ဘော်လုံးလောက မှ ခေတ္တခဏ အနားယူသွားခဲ့သည်။

 

ထိုအဖြစ်အပျက်များသည် ပြီးခဲ့သည့် နှစ်တွင် ပြောင်းလဲလာခဲ့သည်၊ မက်ဆီသည် ကိုပါ အမေရိက ဖလားကို ၂၈ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ်အရယူပေးနိုင်ခဲ့သည်၊ ထိုအချိန်မှစ၍ မက်ဆီကို တနိုင်ငံလုံး အရူးအမူး ဖြစ်လာခဲ့ကြသည်။ သူ၏ နံပတ် ၁၀ ဂျာစီ သည် တနိုင်ငံလုံး အမြတ်တနိုး ဝတ်ဆင်လာသည့် ယူနီဖောင်း ဖြစ်လာခဲ့သည်။

 

အာဂျင်တိုင်း တို့ အဖို့က ဘော်လုံးကို အားကစားတရပ်ထက် ပို၍ အလေးထားခဲ့ကြသည်။ မင်း ဘယ်သူလဲ ဆိုသည့် မေးခွန်းကိုပင် ငါဘယ်သူဘယ်ဝါ ဖြစ်သည်နှင့် ဘယ်အသင်းကို အားပေးသည် ဆိုသည်ကို မဖြစ်မနေ ထည့်သွင်းပြောဆိုလေ့ရှိသည်။

 

၁၉၈၆ ခုနှစ် မက္ကဆီကို ကမ္ဘာဖလားပွဲတွင် အင်္ဂလန် အသင်းအား ကွာတားဖိုင်နယ်တွင် အနိုင်ရခဲ့ပြီး နောက်တွင်မူ အာဂျင်တီနား အဖို့ ဘော်လုံး နှင့် အမျိုးသားရေး လက္ခဏ သည် ခွဲခြား၍ မရအောင် ဒွေးရောယှက်တင် ဖြစ်လာခဲ့သည်။ အာဂျင်တီးနား၏ အတ္တလန်တိတ် သမုဒ္ဒရာ တောင်ဖက်ခြမ်းရှိ ဗြိတိသျှ ပိုင် ဖောက်ကလန် ကျွန်းကို ဝင်ရောက်ကျုးကျော်ခဲ့မှုသည် အရှက်တကွဲ နှင့် အရေးနိမ့်သွားပြီးနောက်တွင် ယခုလို အင်္ဂလန် အသင်းကို အနိုင်ရရှိခဲ့မှု အား လက်စားချေနိုင် ခဲ့မှု အဖြစ် ယူဆခဲ့ကြသည်။ မာရာဒိုနာ အားလည်း ဘုရားငယ်တဆူ အလား ကိုးကွယ်ခဲ့ကြသည်။ မာရာဒိုနာ ဘုရားကျောင်း အမည်ဖြင့် ဘာသာရေး ဂိုဏ်းပင် ပေါ်ပေါက်လာသည့် အထိ ပင် ဖြစ်သည်။

 

ဘော်လုံးအား ဘာသာရေးနှင့် မခြား ကိုးကွယ်ခဲ့ကြသော အာဂျင်တိုင်းတို့ အဖို့ ယခုနှစ် ကမ္ဘာဖလားကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရလာချိန်သည် နိုင်ငံအတွင်း သောက‌ဗျာပါဒများ ကြုံတွေ့နေရသည့် အချိန်နှင့် တိုက်ဆိုင်နေပေသည်။

 

ယခုနှစ် အတွင်း အာဂျင်တီးနားသည် မိုးခေါင်ရေရှားမှုဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေကြရသည်။ ငွေကြေးဖေါင်းပွမှု နှုန်းသည် ၁၀၀ ရာနှုန်း နီးနီး ဖြစ်လာနေပြီး နိုင်ငံရေး တွင် လည်း အကွဲကွဲ အပြားပြား ဖြစ်လာနေသည်။

 

ဒုတိယ သမ္မတ ဖြစ်သူ မစ္စက် ဖာနန်ဒက်ဇ် ဒီ ကာချနာသည် သူမ၏ မျက်နှာနား ချိန်ရွယ်ပြီး လုပ်ကြံခဲ့မှုတွင် သေနတ် ကျည်မထွက်၍ အသက်ဘေးမှ လွတ်သွားခဲ့ရသည်မှာ မကြာလှသေးပေ။ ယခုလ အစောပိုင်းက သူမအား အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်သည်ဟု ဆိုကာ ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခံခဲ့ရသည်။

 

အာဂျင်တီးနားတွင် မစ္စက် ကချနာ ထောက်ခံသူများ နှင့် လစ်ဘရယ် အတိုက်အခံများအကြား ကွဲပြဲနေမှုများက လွန်စွာ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

 

ဒီဇင်ဘာ ၆ ရက်နေ့က မစ္စက် ကချာနာကို အပြစ်ဒဏ်ချမှတ်ခဲ့မှု အပေါ် သူမအား ထောက်ခံသူများ ထူးထူးခြားခြား ငြိမ်သက်နေကြခြင်းမှာလည်း အိမ်တွင် ဘော်လုံးပွဲ ထိုင်ကြည့်နေကြခြင်းကြောင့်ပင် ဖြစ်သည်။ အမတ် အတော်များများလည်း ဒိုဟာ သို့ ရောက်နေကြ၍ ကွန်ဂရက် အစည်းအဝေး ခေါ်ရန် သတ်မှတ်ထားသည့် ဦးရေ မပြည့် ဖြစ်နေပြန်သည်။

 

ထိုသို့ ဖြစ်ပျက်နေမှုများကြားတွင် အာဂျင်တီးနား အမျိုးသား လက်ရွေးစင် ဘော်လုံး အသင်းသည် တနိုင်ငံလုံး စိတ်ချမ်းသာ ပျော်ရွှင်အောင် ဖန်တီးပေး နိုင်ခဲ့ပြီး ယာယီ ညီညွတ်မှုလည်း ရသွားစေခဲ့သည်။

 

ကမ္ဘာဖလား နှင့်သာ တိုက်ဆိုင်မနေဖူးဆိုက တနိုင်ငံလုံး ပေါက်ကွဲ ထွက်လာနိုင်သဖြင့် အစိုးရ အဖို့ အဆိုးရွားဆုံး အခြေအနေများ နှင့် ရင်ဆိုင်ရမည့် အရေးမှ ရှောင်လွှဲသွားနိုင်ခဲ့သည်ဟု လစ္စဘွန်း တက္ကသိုလ်မှ အာဂျင်တီးနား နိုင်ငံအရေး ကျွမ်းကျင်သူ အင်ဒရေ မာလာမွတ် က ဆိုသည်။

 

၂၀၂၃ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြသော နိုင်ငံရေး သမားများကမူ ထိုသို့ တနိုင်ငံလုံး ပျော်ရွှင်နေမှုများသည် နှစ်‌ပတ် ကျော်လာလျှင် သူတို့ဖက် ပြန်လှည့်လာကြလိမ့်မည်ဟု တွက်ဆနေကြသည်။

 

အာဂျင်တီးနား နိုင်ငံရေးသမားများသည် ၎င်းတို့၏ ကစားသမားများထံမှ လေ့လာသင်ယူနိုင်စရာ များစွာ ရှိနေသည်။ အာဂျင်တီးနား အသင်းသည် ယခင် ကမ္ဘာဖလားပွဲများထက် ပို၍ စည်းလုံး ညီညွတ်မှု ရှိကြသည်။ သို့မဟုတ်ပါက မက်ဆီသည် သူမည်မျှပင် အစွမ်းပြနိုင်စေကာမူ သူ့လူများကို အားထား၍ မရက အခုလို အခြေအနေ ဖြစ်လာမည် မဟုတ်ပေ။

 

မက်ဆီ နိုင်ငံ၏ သမ္မတ နှင့် ဒုသမ္မတ တို့သည် တဦးနှင့် တဦး စကားပင် မပြောနိုင်၊ မျက်နှာခြင်း မဆိုင်နိုင်အောင် ဖြစ်နေကြသည်မှာ လပေါင်းများစွာပင် ရှိနေပြီ ဖြစ်သည်။ အတိုက်အခံများလည်း ပြေလည်ဖို့ထက် ကွဲပြဲရမည့် အရေးကို ပို၍ အားသန်နေကြသည်။

 

၎င်းတို့သည် မက်ဆီကဲ့သို့ ဆိတ်ဆိတ်နေကာ ဂိုးရဖို့ အရေးသာ ကျားချောင်းသလို ချောင်းနေကြသူများ မဟုတ်ပဲ အလုပ်ထက် အပြောကို အားသန်နေကြသူများ ဖြစ်နေသည်။

 

အာဂျင်တီးနား ဘော်လုံးအသင်း မန်နေဂျာ နှင့် ကစားသမားများ၏ မိမိအလုပ်အပေါ် ကျွမ်းကျင်မှု၊ ချင့်ချင့်ချိန်ချိန် ရှိမှုတို့သည် နိုင်ငံ၏ စီးပွားရေးကို စီမံ ခန့်ခွဲနေကြသူများ နှင့် ကွာခြားချင်တိုင်း ကွာခြားနေပေသည်။

 

(၂၀၂၂ ဒီဇင်ဘာ ၁၈ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်း၏ "Argentina clinch the World Cup after beating France on penalties" ဆောင်းပါးအား ကောက်နှုပ်တင်ပြသည်)