သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(83)

by Hla Soewai - Dec 21 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၁၀)

 

ဗြိတိသျှ အလုပ်သမား ၁၇ ဦးအား ကြိုးပေးကွပ်မျက်ခဲ့ပြီး နှစ်အနည်းငယ် အကြာ ၁၈၁၉ ခုနှစ် ဩဂုတ်လ အတွင်း မန်ချက်စတာ မြို့တွင် သောင်းနှင့် ချီသော အလုပ်သမားများ ပါဝင်သော ပါလီမန်အား ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်က လူချမ်းသာ အထက်တန်းလွှာများသာ ပါလီမန်တွင် ပါဝင်ခွင့် ရနေချိန်လည်း ဖြစ်သည်။

 

အလုပ်သမားများသည် မိမိတို့ သည် မဲပုံးများ မှ တဆင့် နိုင်ငံရေး အာဏာကို ကျင့်သုံးခွင့်ရမည် ဆိုလျှင် ပါလီမန်သည် ယခုလို စက်ရုံပိုင်ရှင်များ၊ စက်မှု လုပ်ငန်း ရှင်ကြီးများ သာ အကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်းပေးနေရာမှ မိမိတို့ အလုပ်သမား များ အတွက်လည်း မဖြစ်မနေ ထည့်သွင်း စဉ်းစား လုပ်ဆောင်ကြရမည်ဟု ယုံကြည်ခဲ့ကြ၍ ဖြစ်သည်။

 

အလုပ်သမားထု ကြီး၏ အစည်းအဝေး များ ကျင်းပနေချိန်တွင် ဗော်လံတီယာ စစ်ရဲများက ဝင်ရောက်၍ အကြမ်းဖက် နှိမ်နှင်းခဲ့သဖြင့် အလုပ်သမား (၁၁) ဦး ကျဆုံးခဲ့ရပြီး ရာချီ၍ ဒဏ်ရာ အနာတရ ရသွားခဲ့ကြသည်။

 

ထိုအဖြစ်အပျက်ကြီးအား နောင်တွင် ပီတာလူး လူသတ်ပွဲကြီး အဖြစ် သမိုင်းတွင်ကျန် ရစ်ခဲ့သည်။ အစိုးရမှ လူအုပ်ကြီးသည် ရန်လိုသော အပြုအမူများ ပြသလာ၍ စစ်သားများသည် မိမိတို့ အသက်အန္တရာယ်ကို ကာကွယ်ရန် ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောလာခဲ့သည်။ ထိုအပြောကြောင် ဗြိတိသျှ လူထုကြီး အကြား ဒေါသ အမျက်ချောင်းချောင်း ထွက်လာခဲ့ရသည်။ ထို့အတွက် အစိုးရမှ လူထု အစည်းအဝေးများ ပြုလုပ်ခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့်များ ကန့်သတ် ချုပ်ချယ်လာသည်။ ထိုစဉ်က လွှတ်တော် အမတ်များ နှင့် အရင်းရှင်များ၏ အကျိုးစီးပွားသည် တထပ်တည်း ကျနေသည်မှာလည်း ဖြစ်ရိုးဖြစ်စဉ် သာ ဖြစ်သည်။

 

ဆယ့်ရှစ်ရာစု နှစ် အကုန်ပိုင်းက ဗြိတိသျှ ပါလီမန်သည် Combination Act ဆိုသည့် ပေါင်းစပ်ဥပဒေ ကို ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သည်၊ ထိုဥပဒေအရ အလုပ်သမားများ၏ သပိတ်မှောက်ခြင်းသည် တရားမဝင် ဖြစ်သွားခဲ့ရသည်။ ပီတာလူး လူသတ်ပွဲကြီး အပြီး လေးနှစ် အကြာတွင် လွှတ်တော် အမတ်များက သခင် နှင့် အစေခံ ဆိုသည့် Master and Servant Act ကို အတည်ပြုပေးခဲ့ကြသည်။ ထိုအက်ဥပဒေအရ အိမ် ရှိ အစေခံများသည် အလုပ်ရှင်နှင့် ချုပ်ဆိုထားသော ကန်ထရိုက်စာချုပ် ဖောက်ဖျက်ပါက ရာဇဝတ်ကြောင်းအရ တရားစွဲဆို ခံရဖို့ ဖြစ်လာခဲ့သည်။

 

မြို့ကြီးများ တွင် ပြောင်းရွှေ့ဝင်‌ရောက်လာကြသော အလုပ်သမား များ နှင့် လူဦးရေသည် မဆန့်မပြဲ ဖြစ်လာနေသည်၊ အလုပ်သမားများ၏ ဘဝသည်လည်း ဆင်းရဲနိမ့်ကျလျှက် ရှိနေဆဲပင် ဖြစ်သည်။ ထို့အတွင် ဗြိတိသျှ လူလတ်တန်းစားများ နှင့် အထက်တန်းလွှာများသည် ထိုသို့ မြို့နေ လူအများစု၏ စားရမဲ့ သောက်ရမဲ့မဲ့ ဘဝဖြင့် ရုန်းကန်နေကြရသည့် အဖြစ်များကို မျက်စိပိတ် မမြင်ချင် မသိချင်ယောင် ဆောင်နေ၍ မရအောင် ဖြစ်လာခဲ့သည်။

 

၁၈၃၀ ကျော် နှစ်များ အတွင်းတွင် အစိုးရသည် ကလေးများအား အလုပ်သမားအဖြစ် ခိုင်းစေခြင်းကို စတင် တားမြစ်လာခဲ့သည်။ စက်ရုံများ နှင့် သတ္တုတွင်းများ တွင်လည်း အမျိုးသမီးများ နှင့် ကလေးများ အား အကာအကွယ်ပေးသည့် ဥပဒေများ ပြဋ္ဌာန်းပေးလာခဲ့သည်။

 

၁၈၄၈ ခုနှစ်တွင်တော့ ဗြိတိသျှ အရင်းရှင်များ အတွက် သေမင်းခေါ်သံကြီးသည် လန်ဒန် မြို့နေ လူနှစ်ဦးထံမှ ပေါ်ထွက်လာခဲ့သည်။ ထိုသူ နှစ်ဦးမှ အရင်းရှင်တို့ သည် အလုပ်သမား လူတန်းစားများအား ယခုလို ဆက်လက်၍ ခေါင်းပုံဖြတ် သွေးစုတ်နေဦးမည်ဆိုက အကြမ်းဖက် တော်လှန်‌ရေးကြီး ဖြင့် အရင်းရှင်များ နှင့် ၎င်းတို့၏ နိုင်ငံတော် ဆိုသည့် ဖိနှိပ်အုပ်ချုပ်ရေး ယန္တရားကြီး တခုလုံး အဆုံးသတ် သွားပေလိမ့်မည်ဟု ရဲဝန့်စွာ ကျေညာလာခဲ့ခြင်းကြောင့် ဖြစ်သည်။

 

ထိုလူ နှစ်ဦးသည်ကား ကားလ်မတ် နှင့် ဖရက်ဒရစ် အိန်ဂျယ် တို့ပင် ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး ၏ အမြင်များကို ဗြိတိသျှ အလုပ်သမား အများစုက လိုလိုလားလား ထောက်ခံခဲ့ကြခြင်း မရှိပေ။ အလုပ်သမားများသည် ၎င်းတို့ပေါ် ဂုတ်ပေါ် တက်ခွစီးနေကြသော အရင်းရှင်များကို ထိုပုံစံမျိုး ဖြင့် ဆန့်ကျင်ရမည်ဟု တွေးထားခြင်းမျိုး မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ အရင်းရှင်များ ရရှိနေသော များစွာသော အကျိုးအမြတ်များထဲမှ ၎င်းတို့ စားဝတ်နေရေး ဖူလုံယုံမျှလောက် ခွဲပေးမည်ဆိုလျှင် ကျေနပ်ကြမည့် အဆင့်တွင် ရှိနေပေသေးသည်။

 

အလုပ်သမားများသည် ထိသို့ အခွင့်အရေးများ မကြာမီ ရရှိလာတော့မည်ကို တွေ့လာရပြီ ဖြစ်၍ လက်ရှိ အနေအထား အတိုင်း ဆက်သွားချင်နေကြသည်၊ ဗြိတိန်ရှိ အရင်းရှင်များသည်လည်း ပါလီမန်ကို ပြုပြင်ပြောင်းလဲရန် လုပ်မှ ဖြစ်တော့မည်ဟူသော ညဏ်အလင်းပွင့်လာခဲ့ကြသည်။ ဤသို့ဖြင့် ၁၈၆၇ နှင့် ၁၈၈၄ ခုနှစ်များတွင် ပြုပြင်ပြောင်းလဲရေး အက်ဥပဒေများ ပြဋ္ဌာန်းပေးလာခဲ့ကြသည်။ အိမ်ထောင် ဦးစီး အမျိုးသား မှန်သမျှ မဲပေးပိုင်ခွင့် ရှိသည်ဟု ပါရှိလာခဲ့သည်။

 

ထိုအချိန်တွင် ၎င်းတို့နှင့် ရေလက်ကြား တခုသာ ခြားသော ဥရောပကုန်းမြေကြီး ပေါ်တွင်ကား နိုင်ငံရေး နှင့် စီးပွားရေး ပိုင်းတွင် မုန်တိုင်းထန်လျှက် ရှိနေချိန်လည်း ဖြစ်သည်။ ၁၈၃၀ တွင် ပြင်သစ်တွင် တော်လှန်ရေး ကြီး ဖြစ်ပွားလာခဲ့ပြီး ထိုဂယက်သည် ၁၈၄၈ ခုနှစ် အထိ ဥရောပတဝှမ်းသို့ ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလာခဲ့ရသည်။