ပြောချင်ရာ ပြော

by Hla Soewai - Dec 23 2022

စစ်ကောင်စီ ၏ မကြာမီက ထုတ်ပြန်ခဲ့သော ကျေညာချက်များကို ကြည့်ပါက နိုင်ငံ အစိုးရမှ ထုတ်ပြန်သော သတင်းမျိုး မဟုတ်၊ ယုတ္တိတန်၏ မတန်၏ စဉ်းစားနေစရာမလိုဘဲ ၎င်းတို့အား ထောက်ခံနေသော လက်တဆုပ်စာ လူတစု အားတက်စေရန် လိမ်ညာ နေမှုများကို လယ်ပြင်တွင် ဆင်သွားသလို ရှင်းလင်းစွာ တနေ့ထက် တနေ့ တိုး၍ပင် တွေ့မြင်လာနေရပေသည်။

 

ထိုမျှမကသေး ပြည်သူ့တော်လှန်ရေး သမားများကို လူထုမှ ထင်ယောင်ထင်မှား ဖြစ်စေရန် အကွက်ဆင် လုပ်ကြံ ဖန်တီးလာကြပြန်သည်။

 

ဤသည်ကို ရန်ကုန် မှ ဒလ သို့ သွားသည့် ခရီးသည်တင် ကူးတို့သင်္ဘော ပေါ် ဗုံးပေါက်ကွဲခဲ့မှုက သက်သေခံနေပေသည်။ ထိုသတင်းကို ဖြစ်ပွားပြီး နာရီပိုင်းမျှ အကြာမှာပင် လက်ဝေခံ မီဒီယာများ မှတဆင့် ပြည့်သူ့ ဘက်တော်သား တော်လှန်ရေး သမားများ ၏ လက်ချက်ဟု သက်သေ အထောက်အထား တစုံတရာ မပြနိုင်ဘဲ ချက်ချင်းလို စွပ်စွဲလာခဲ့ကြသည်။

 

သင်္ဘောပေါ်တွင် အကြမ်းဖက် စစ်တပ်မှ တဦးတလေမျှ မပါရှိပါဘဲလျှက် အသက်စွန့်၍ မစ်ရှင်လုပ်နေကြရသူများအနေနှင့် အဘယ်သို့များ စွန့်စား၍ လုပ်ဆောင်ကြပေမည်နည်း၊ ထိုသို့ လုပ်ပါက ပြည်သူများ ၏ ထောက်ခံမှု ကျဆင်းသွားမည်ကို မသိဘဲ နေလောက်အောင် အသိဉာဏ်ပညာ ကြုံလှီနေကြသူများ မဟုတ်။ ပြည်သူ ထောက်ခံမှု သည်သာ တော်လှန်ရေး၏ အောင်မြင်ရာ အောင်မြင်ကြောင်း သော့ချက် ဖြစ်သူကို လူငယ် ဂျင်ဇီးများက ကောင်းစွာ သဘောပေါက်ထားကြပြီး ဖြစ်သည်။ ဤသည်ကို ပြတ်သားစွာ ရှုမြင်နိုင်ဖို့ လိုပေသည်။

 

ထိုသို့သော လုပ်ရပ်များက မြန်မာပြည်တွင် သာမက အကျပ်ရိုက်လာသော အာဏာရှင် နိုင်ငံများတွင် ထွက်ပေါက်ကို ဖန်တီးကြသည့် လုပ်ရပ်မျိုးများသာ ဖြစ်သည်။

 

အဆိုပါ ဖြစ်ရပ်အား စင်္ကာပူရှိ စထရိတ်တိုင်း သတင်းစာမှ စစ်တပ် နှင့် တော်လှန်ရေး အင်အားစု များ တဖက်နှင့် တဖက် အပြစ်ပုံချ‌ နေဟူသော ခေါင်းစဉ်ဖြင့် သတင်းဖေါ်ပြလာခဲ့သည်။ သတင်းတွင် “လက်လုပ်မိုင်း” ဖြင့် တိုက်ခိုက်ခဲ့မှု တွင် သင်္ဘောစီး ခရီးသည် ၁၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဖေါ်ပြထားပြီး ဒလ မြို့နယ် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့မှ မိမိတို့ မဟုတ်ကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်ဟု သတင်းတွင် ပါရှိလာခဲ့သည်။

 

ထိုသို့ လုပ်ကြံ ဖန်တီးသည့် ကလေးကွက်များအား အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ အခေါ် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” ဆိုသည်ကို နိုင်ငံတကာမှ စိတ်လည် လာစေရန် ခပ်စိပ်စိပ် လုပ်လာဖို့ ရှိ၍ ပြည်သူများ အနေဖြင့် သွားသတိ လာသတိ ရှိနေဖို့ လိုပေသည်။

 

စစ်တပ်အား ထောက်ခံနေသူများသည် အာဏာသိမ်းခြင်းကို ဝါဒသဘောတရားရေးအရ ထောက်ခံခြင်း၊ မိမိတို့ အကျိုးစီးပွား အတွက် ထောက်ခံနေခြင်းမျိုးကို လက်ခံ၍ ရသေးသော်လည်း အာဏာဆုပ်ကိုင်ထားနိုင်ဖို့ ကွက်ကွက်လေးသာ ကြည့်ပြီး အာဏာရှင် ဆိုသူမှ ကလေးသူငယ်များ အား သတ်ဖြတ်နေခြင်း၊ မိမိတို့ လူမျိုး များ၏ အိမ်ယာများကို မီးရှို့ ဖျက်ဆီးနေသည့် လုပ်ရပ်များကို လုပ်သင့်လုပ်ထိုက်မှု ဟု ‌သဘောဖြင့် ရေငုံနှုတ်ပိတ် အားပေးနေခြင်းများကိုတော့ မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေရသည်။

 

တိုင်းပြည်ရှိ မဏ္ဍိုင် ကြီး သုံးရပ်အား လက်ဝယ်ထိန်းချုပ်ကာ တိုင်းပြည်အား မည်သို့မျှ တိုးတက်လာစေမည် မဟုတ်‌ သော deep state ပုံစံ ဖန်တီးလာနေသည်ကို ဘယ်သူသေသေ ငတေမာ သမားများက ထောက်ခံနေကြပြီ ဖြစ်သည်။

 

ကမ္ဘာ အမြင်တွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများကို ပစ်ခတ် မီးရှို့၊ ဆက်ကြေးကောက် လုယက်နေသည့် ကမ္ဘာကျော် မာဖီးယားများ ဖြစ်နေသော စစ်တပ် အဖို့ ၎င်းတို့ ပြောသမျှ မည်သူမျှ ယုံကြည်ကြမည် မဟုတ်သည့် crisis of trust ပြဿနာ နှင့် ရင်ဆိုင်‌ နေရသည်။ မည်သည့် လုပ်ရပ်မျိုး မဆို အားလုံးက ၎င်းတို့ အပေါ် သံသယ ဖြင့် စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တော်လှန်ရေး မုချ အောင်မြင်ရမည်!!!

 

(ပုံတွင် ယမန်နှစ် ခရစ်စမတ် အကြိုနေ့တွင် အကြမ်းဖက် စစ်တပ်မှ ဖရူးဆိုး မြို့နယ် အတွင်း မော်တော်ယာဉ်များအား မီးရှို့ကာ လူပေါင်း ၃၅ ဦးအား သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို နယူး‌ယောက် တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်ကို တွေ့မြင်နိုင်သည်။)