လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သဘောထား

by Hla Soewai - Dec 26 2022

ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ‌ဗီအိုအေ တွေ့ဆုံ မေးမြန်းခန်းမှ.....

 

မေး။။ ရုရှား နှင့် တရုတ် တို့ ဆုံးဖြတ်ချက် အပေါ် ဗီတို အာဏာ အသုံးပြုခဲ့ခြင်း မရှိမှု။

 

အာဆီယံ အဖွဲ့ထဲတွင် မြန်မာပြည်သူတို့၏ အသံကို နားထောင်ခဲ့ကြသည့် အင်ဒိုနီရှား၊ မလေးရှား နှင့် စင်္ကာပူ တို့သည် ဩဇာတက္ကိမ ရှိသော အဖွဲ့ဝင် နိုင်ငံများ ဖြစ်၍ ၎င်းတို့၏ သဘောထားသည် လွန်စွာ အရေးပါသော ကဏ္ဍတွင် ရှိနေသည်။ ကုလ သည် အာဆီယံ၏ ဖိအားကြောင့် ယခုလို ဆုံးဖြတ်ချက် ချသည် အထိ ရောက်လာခဲ့ရခြင်းပင် ဖြစ်သည်။

 

နောက်တချက်သည်က အာဆီယံသည် မြန်မာ အရေး ဖြေရှင်းရာတွင် ကုလ နှင့် လုံခြုံရေး ကောင်စီတို့၏ ထောက်ခံမှု ရရန် အမြဲလို တောင်းဆိုနေကြပြီး ဤသည်ကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများက အလေးတယူ ပြုခဲ့ကြသည်။ အာဆီယံကဲ့သို့ အဖွဲ့အစည်းကြီးမှ ထိုသို့ မဆုတ်မနစ် တောင်းဆိုခဲ့မှု အပေါ် တရုတ် နှင့် ရုရှားတို့ အဖို့ ဆန့်ကျင်ဖို့ ခက်ခဲလာရ၍ ဖြစ်သည်။

 

လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများသည် ဆုံးဖြတ်ချက် မူကြမ်း စတင်ရေးဆွဲချိန်မှ ပြီးဆုံးချိန်အထိ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့သည်။ ထို့အတွက်ကြောင့်လည်း အာဆီယံ၏ ဘုံ သဘောတူညီချက် ငါးရပ်ကို အလျှင်အမြန် အကောင်အထည် ဖေါ်ပေးရန် ဆုံးဖြတ်ချက်တွင် ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်ကို တွေ့နိုင်မည် ဖြစ်သည်။

 

ထို့အတွက်ကြောင့်လည်း ‌ဆုံးဖြတ်ချက် ထွက်လာလာ ချင်းပင် အင်ဒိုနီရှား၊ မလေးရှား နှင့် စင်္ကာပူ တို့မှ ကြိုဆိုကြောင်း ကျေညာချက်များ ထုတ်ပြန်လာခဲ့ကြခြင်းဖြစ်သည်။ အာဆီယံ အတွင်း အာဏာသိမ်း အဖွဲ့ကို ဖိအားပေးရာတွင် တက်ကြွစွာ လှုပ်ရှားခဲ့သည့် အင်ဒိုနီရှား ဥက္ကဌ ဖြစ်လာခြင်းသည် မိမိတို့ အတွက် လွန်စွာမှ အရေးပါလှသည့် ဖြစ်စဉ်တရပ်လည်း ဖြစ်သည်။

 

မေး။ ပို၍ ခွန်အားရှိမည့် ဝိသေသများ ထည့်သွင်းဖို့ လိုသည် ဟု ပြောခဲ့မှု အပေါ် ထပ်မံ ရှင်းလင်းပေးရန်။

 

စစ်တပ်မှ မြန်မာပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့မှုများ အပေါ် ပို၍ ပြင်းထန်သည့် စကားရပ်များ ပါဝင်ရန် နှင့် လိုက်နာဖို့ ပျက်ကွက်က ကုလ ပဋိညာဉ် စာတမ်း အခန်း (၇) တွင် ပြဋ္ဌာန်းထားသည့် အတိုင်း အရေးယူသွားမည် တို့ ပါရှိသည်ကို မြင်လိုကြောင်း၊ ထို့အပြင် အခြေအနေ တိုးတက်မှု ရှိမရှိ အပေါ် အတွင်းရေးမှုးချုပ် နှင့် အဖွဲ့ဝင် နိုင်ငံများမှ လုံခြုံရေးကောင်စီသို့ ပုံမှန် အစီရင်ခံဖို့ လိုအပ်သည် ဆိုသည်နှင့် လက်နက် ရောင်းချမှု ပိတ်ဆို့ရေး တို့ ပါဝင်လာသည်ကို တွေ့လိုကြောင်း၊ ပြီးခဲ့သည့် နှစ် ကုလ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ထဲတွင် မြန်မာသို့ လက်နက်များ စီးဝင်နေမှုကို တားမြစ်ရန် ရှင်းလင်းစွာ ဖေါ်ပြထားပြီး ဖြစ်၍ မိမိတို့မှ ထိုသို့ ဖြစ်မြောက်အောင် လုပ်ပေးစေချင်ကြောင်း ရှင်းလင်းသွားသည်။

 

မေး၊။ မြန်မာ အပေါ် ဆုံးဖြတ်ချက်ကြောင့် ဘယ်လို သက်ရောက်မှု တွေ ရှိလာနိုင်မလဲ။

 

နိုင်ငံရေး အရ ပြောရရင် အလွန် ထိရောက်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။ ကုလ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် တိုင်းသည် ဥပဒေအရ ချည်နှောင်ထားပြီး ဖြစ်‌၍ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ကန့်ကွက်လို့လည်းမရ မဖြစ်မနေ လိုက်နာကြရန် တာဝန် ရှိနေသည်။ 

 

လိုက်နာခြင်း မရှိက ထို့ထက် ပို၍ ပြင်းထန်သည့် ဆုံးဖြတ်ချက်များ တဖြေးဖြေး နှင့် ထွက်ပေါ်လာမည်သာ ဖြစ်သည်။ လက်ရှိ ဆုံးဖြတ်ချက်တွင် ပါရှိသော စကားလုံး အသုံးအနှုန်းများသည် အားပျော့သည် ဆိုသော်လည်း ယခုလို မျိုး ဥပဒေကြောင်းအရ လိုက်နာရန် တာဝန်ရှိသည့် ဆုံးဖြတ်ချက်သည် စစ်အာဏာသိမ်း အဖွဲ့ကို သေချာပေါက် ထိခိုက်သွားသည်ဟု မိမိ အနေဖြင့် ယုံကြည်သည်။

 

ဆုံးဖြတ်ချက် ထဲတွင် ကုလအတွင်းရေးမှုးချုပ် အနေဖြင့် လာမည့် မတ်လ ထဲတွင် လုံခြုံရေး ကောင်စီသို့ ရှင်းလင်းချက် တင်သွင်းရမည်ဟု ပါရှိကြောင်း၊ အာဆီယံ နိုင်ငံများ၏ ‌ဘုံသဘောထား ငါးရပ် အပေါ်လည်း ရည်ညွှန်းချက် အများအပြား ပါဝင်နေပြီး ဆက်လက်၍ အရေးပေါ် အခြေအနေ တည်ရှိနေမှု အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း နှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ကွပ်မျက်ခဲ့မှု ကိုလည်း ရှုတ်ချထားသည် များလည်း ပါရှိကြောင်း ရှင်းပြသွားခဲ့သည်။

 

လက်ရှိ လုံခြုံရေး ကောင်စီတွင် ကြီးငါးကြီးအပြင် အယ်ဘေးနီယား၊ ဘရာဇီး၊ ဂါဘွန်၊ ဂါနာ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေး၊ ယူအေအီး တို့ ဖြစ်သည်။ ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ နှစ်နှစ် သက်တမ်းကုန်သွားသော အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို နှင့် နော်ဝေး ငါးနိုင်ငံ နေရာတွင် အစားထိုးရန် အီကွေဒေါ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ် နှင့် ဆွစ်ဇာလန် နိုင်ငံများ အား ‌ရွေးချယ်ထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!