မင်းအောင်လှိုင် စစ်တမ်း

by Hla Soewai - Dec 28 2022

မင်းအောင်လှိုင် စစ်တမ်းသာ ခေါင်းစဉ် တပ်ခဲ့ရသည်၊ အလုပ်စစ်တမ်းထက် အပြော စစ်တမ်းက တိုးတက်မှု ရှိလာသည်ဟု ဆိုရမည် ဖြစ်သည်။

 

အလုပ်စစ်တမ်းအရ ဆိုလျှင်၂၀၂၂ အတွင်းတွင်လည်း ဘာတခုမျှ မည်မည်ရရ မလုပ်နိုင်ခဲ့သည့် အပြင် တိုင်းပြည် စီးပွားရေး သည် ယုတ်လျော့သည်ထက် ယုတ်လျော့လာနေသည်။

 

အပြောစစ်တမ်းအရ မူ ၂၀၂၁ တွင် လျပ်စစ်ကား၊ ရထားများ ဟု ဆိုနေရာက ၂၀၂၂ တွင် နျူကလီယား ဓါတ်ပေါင်းဖို အထိ တိုးတက်လာသည်ဟု ဆိုရပေမည်။ ၂၀၂၃ တွင်တော့ လကမ္ဘာ သို့ တက်၍ မြန်မာအလံ စိုက်မည်ဟု ပြောလာဖို့ များသည်။

 

အလုပ်နှင့် လက်‌ တွေ့ မပြနိုင်ပဲ အာရိုက်နေသည့် သူလို လူမျိုးများကလည်း ရပ်ကွက် အသီးသီးတွင် ပေါမှ ပေါ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းပြပြီး အာဏာသိမ်းခဲ့သည်မှာ လူတိုင်း အသိပင် ဖြစ်သည်၊ ဤသည်ကလည်း အခြား အကြောင်းများ ဖြစ်သော တိုင်းပြည် မငြိမ်မသက် ဖြစ်လာခြင်း၊ လူထု ဆင်းရဲ ကျပ်တည်းကာ တိုင်းပြည် စီးပွား ကမောက်ကမ ဖြစ်လာခြင်း တို့ကို အကြောင်းရှာမရ၊ ထိုသို့ ဖြစ်လာအောင် ဗုဒ္ဓဘာသာ အစွန်းရောက် ရဟန်းများ၊ လူများ ဖြင့် နည်းမျိုးစုံ အသုံးချခဲ့သော်လည်း မအောင်မြင်၊ အကယ်၍ ထို အကြောင်းများထဲမှ တခုခု အကြောင်းပြလျှင်ပင် လက်ဆုပ်လက်ကိုင် မပြနိုင်၍ အနည်းငယ် သိက္ခာ ဆယ် နိုင်မည့် အာဏာ သိမ်းပွဲ ဖြစ်သွားနိုင်သည်။

 

ယခု နိုင်ငံတကာ မှ လေ့လာဆန်းစစ်သူ များစွာ ရှေ့တွင် ကျင်းပခဲ့ပြီး၊ လွတ်လပ်ပြီး တရားမျှတပါသည် ဆိုသော ရွေးကောက်ပွဲ ရလဒ်ကို မဲမသမာ လုပ်သည် ဆိုကာ သိမ်းယူခဲ့သည်။

 

ထိုအခါတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အောင်ပွဲ ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ပြန်၍ သုံးသပ်ကြည့်မည်ဆိုက နိုင်ငံရေး ပါတီ ပေါင်း ၉၉ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် အထဲမှ NLD သည် အမတ်နေရာ စုစုပေါင်း ၏ ၇၇ ရာနှုန်း ဖြင့် အနိုင်ရခဲ့သည်။

 

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ကို ကြည့်မည်ဆိုလျှင် အမတ်နေရာ စုစုပေါင်း၏ ၈၂.၄ ရာနှုန်း ဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

 

ထိုရလဒ် နှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုက NLD သည် ၎င်းတို့ လုပ်ပေးခဲ့သည့် ရွေးကောက်ပွဲထက် ၅ ရာနှုန်းသာ ပို၍ အနိုင်ရခဲ့သည် မဟုတ်ပါလော။ 

 

ထိုငါးနှစ် ကာလ အတွင်း တိုင်းပြည်ကို အဖက်ဖက် မှ ဦးမော့လာအောင်၊ ကမ္ဘာစင်မြင်တွင် ထော့ကျိုး ထော့ကျိုး ဘဝမှ တင်းပြည့်ကျပ်ပြည့် ဖြစ်လာအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ လူတန်းစား အလိုက် လူနေမှု အဆင့်အတန်း တိုးတက်အောင် လုပ်ပေး နိုင်ခဲ့သည်။

 

ထိုသို့သော အစိုးရမျိုးသည် ယခင်ကထက် ၅ ရာနှုန်း ပို၍ အနိုင်ရလာခဲ့သည် ကို အဘယ်သို့များ သံသယ ဖြစ်စရာ လိုပေဦးမည်နည်း။

 

စစ်ခေါင်းဆောင်များ သည် ထိုမျှလောက် မတွေးတတ်အောင် နလပိန်တုံးများ တော့ မဟုတ်။

 

လက်ရှိ စစ်ခေါင်းဆောင် ဖြစ်နေသည့် မင်းအောင်လှိုင်အား တာဝန်ပေးထားသည့် ၂၀၂၀ ရွေးကောက်ပွဲ တွင် အနည်းဆုံး ညွှန်ပေါင်း အစိုးရ ဖြစ်လာအောင် လုပ်ရမည် ဆိုသည့် သူ့တာဝန်ကို မည်သို့ မျှ မကျေပြွန် နိုင်တော့ပဲ ငုတ်တုတ်မိသွားခဲ့ရသည်။

 

သူ့စိတ်ထဲတွင် မြန်မာတို့၏ နှလုံးသည်းပွတ်ကို ဆွဲကိုင် နိုင်သည့် ဘာသာရေး၊ လူမျိုးရေး တို့ဖြင့် နိုင်ငံ‌ တော် အတိုင်ပင်ခံ နှင့် NLD ကို အမျိုးမျိုးသော အောက်လမ်းနည်းများ ဖြင့် ကြံ့ဖွတ် နှင့် ပေါင်းကာ ပုံဖျက်ခဲ့ပြီး ဖြစ်သည်၊ လွှတ်တော်ထဲတွင်လည်း NLD တင်သွင်းလာသည့် အဆို မှန်သမျှ ကို လူထု စိတ်တွင် သံသယ ပွားလာအောင် နည်းမျိုးစုံ ဖြင့် အကြောင်း အမျိုးမျိုးပြ မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြသည်။ နောက်ဆုံး ဗိုလ်ချုပ် ပုံ နှင့် ‌ငွေစက္ကူ ရိုက်နှိပ်မည့် အရေးကိုပင် အလွတ်မပေးခဲ့၊ ဒီထက် ပို၍ စိတ်ချရအောင် ထမင်းဆိုင် ဖွင့်နေသူပါမကျန် အတင်း ဆွဲထုတ်ပြီး ဗိုလ်ချုပ်ဟောင်းများ ပါတီကို ထူထောင်လာသည်။ ( ဤသည်ကလည်း သူရရွှေမန်းကို ပြန်၍ ထိန်းချုပ်နိုင်ရန် အတွက် ဖြစ်သည်။

 

ထိုသို့ အဖက်ဖက် မှ လုပ်ထားသည့် အတွက် ဒီတကြိမ်တွင်တော့ NLD သည် ညွှန်ပေါင်းဖွဲ့ရန် တောင်းဆိုလာမည်၊ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံ ရာထူး မှ နှုတ်ထွက်ပေးရမည်ဟု ဝိုင်း၍ အကျပ်ကိုင်မည် အစရှိသည့် အတွေးများ ဖြင့် မင်းအောင်လှိုင်သည် မဲထည့်ရန် အလာတွင် "ပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာပါမည်" ဟု ပြုံးပြုံးရွှင်ရွှင်၊ ယုံကြည်မှု အပြည့် နှင့် ပြောသွားခြင်း ဖြစ်သည်။

 

ထင်သလို ဖြစ်မလာသည့် အခါတွင်တော့ အာဏာသိမ်းမှ ကို ဖြစ်မည် အရေး ဆိုက်လာခဲ့ရပြီ ဖြစ်သည်။ အခု ကျမှ ယခင်က မပြောခဲ့ဖူးသည့် တိုင်းပြည် မငြိမ်မသက် ဖြစ်လို့၊ စီးပွားရေး တွင် အလွဲလွဲ အချော်ချော် ဖြစ်၍ ဆိုသည်များ ပြော၍ မရတော့။

 

နောက်ဆုံး မဲမသမာမှု နှင့် အကြောင်းပြရန် ဆုံးဖြတ်လိုက်ကြပြီး မဲစာရင်းမှားသည်၊ လူ‌တွေ အကြိမ်ကြိမ် မဲပေးသည် ဘာညာ နှင့် မြေစမ်း ခရမ်းပျိုးလာခဲ့သည်။

 

ရွေးကောက်ပွဲ ကော်မရှင် အဖို့ မဲရလဒ်သည် ကြံ့ဖွတ် နှင့် ၅၅-၅၀ လောက် ပြတ်လျှင်ပင် ၎င်းတို့၏ အပြော သည် ယုတ္တိတန်သည်ဟု ဆိုကာ ပြန်၍ စီစစ် ဖြေရှင်းမှုများ အလျှင်အမြန် ပြုလုပ်လာမည်မှာ အသေအချာပင် ဖြစ်သည်။

 

ယခု လို အပြတ်အသတ်ကြီး အနိုင်ရခဲ့သည့် ရလဒ် သည် မဲဆန္ဒရှင် စာရင်း ပြန် စီစစ်ပေးယုံလောက်နှင့် မည်သို့မျှအပြောင်းအလဲ ဖြစ်မသွားနိုင်၊ လွန်ရောကျွံရော စေ့စေငုငု ရှာနိုင်ခဲ့လျှင်ပင် ၈၂.၄ မှ ၇၀ ရာနှုန်း လောက်သာ ဖြစ်နိုင်၍ (‌ဤသည်ကလည်း စကားကုန် ပြောချင်းမျိုးသာ)၊ အဘယ်သို့များ အချိန်ကုန်၊ ငွေကုန် လုပ်စရာ လိုပေမည်နည်း။

 

ထိုအခါတွင်တော့ မင်းအောင်လှိုင်သည် မျက်စိမှိတ် အာဏာသိမ်ခဲ့ရပေတော့သည်။ တကယ်တမ်းတွင် မဲမသမာမှု ဆိုသည်ကို အကြောင်းပြချက် အဖြစ် အသုံးချယုံ မဟုတ်ပဲ တကယ်တမ်း ဖြစ်ခဲ့သည်ဟု အလေးအနက် ယုံကြည်ခဲ့မည်ဆိုလျှင် အာဏာ သိမ်းမည့်အစား လွှတ်တော် အမတ်များ အား ကျမ်းသစ္စာ ကျိမ်ဆိုခွင့် မပြုနိုင်သေးဟု ဆိုကာ လွှတ်တော် အဆောက်အအုံကို အင်အားသုံး ပိတ်ဆို့ ထား၍ ရ‌ သေးသည်။

 

တကယ်တမ်းတွင် နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် NLD လူကြီးများက ထိုအတိုင်းအတာအထိသာ လုပ်နိုင်သည်ဟု ယုံကြည်ထားဟန် ရှိသည်၊ စည်ပင် ဧည့်ရိပ်သာမှ ဘတ်စ်ကားများ ဖြင့် လွှတ်တော်သို့လာမည့် ကိုယ်စားလှယ်များအား ရေဗူးများ၊ အစားအသောက်များ လိုရမည်ရ ထည့်ယူလာရန် သတိပေးခဲ့သည်ဟု အတွင်းသတင်းများအရ သိရသည်။

 

ယခု ပြောခဲ့သည်များ အား ငြင်းချက်ထုတ်မည်ဆိုက ၂၀၁၅ တွင် ၇၇% မှ ၂၀၂၀ တွင် ၈၂.၄% ထိ တိုး၍ အနိုင်ရရှိခဲ့သည်ကိုပင် သံသယ ဖြစ်နေသည့် နလပိန်တုံးများသာ ဟုသာ စွပ်စွဲရတော့မည် ဖြစ်သည်။

 

ယခုအခါ မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချူပ်များသည် တိုင်းပြည် ကို ရက်စက်ကြမ်းကြုပ်စွာ ပိတ်ဆို့သွားမည့် စနစ်ဖြင့် "နိုင်ငံတော်၏ ရန်သူများ"၊ "အကြမ်းဖက်သမားများ" ဟူသော ခေါင်းစဉ် အမျိုးမျိုး ဖြင့် ပြည်သူများ ကြား မိမိ အိမ်နီးနားချင်းကိုပင် မယုံကြည်ရဲအောင် ဖြစ်လာမည့် A society tense with mutual suspicion လူ့အစည်းအရုံးကြီးကို ဖန်တီး အုပ်ချုပ်ရန် လုံးပမ်းနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!