တရုတ်အား တဖန်ပြန် ခုတ်ထစ် ဖြတ်တောက်လာနေသော ကိုဗစ်

by Hla Soewai - Dec 30 2022

တရုတ်ပြည် မှ စတင်ပြီး ကမ္ဘာတပတ် ခရီးလှည့်လည်ခဲ့သော ကိုဗစ် သည် ‌မွေးရပ်ဌာနေ သို့ ပြန်လည် ရောက်ရှိလာချိန်တွင် တရုတ် အာဏာပိုင်များ၏ ဆက်ဆံပုံ သည် လုံးဝ လက်မခံဆိုသော အနေအထားမှ ဂရုစိုက်စရာ မလို မသိကျိုးကျွန် ပြု လက်ခံ မည် ပုံစံမျိုး ပြလာခဲ့သည်။

 

သုံးနှစ် နီးပါးမျှ နိုင်ငံအား ပြင်ပနှင့် ဆက်ဆံမည့်အရေး ကို ပိတ်ဆို့ထားခဲ့ရာမှ တံခါးများ ပြန်လည် ဖွင့်လှစ်လာနေပြီ ဖြစ်သည်။ ပြည်တွင်း ခရီးသွားလာမှု ကန့်သတ်ခြင်း၊ လူ များအား မလုပ်မနေရ စမ်းသပ်စစ်ဆေးခြင်း၊ ဇီးရိုးကိုဗစ် ပေါ်လစီဖြင့် အပြင်မထွက်ရ ဆိုကာ တင်းကျပ်သည့် လော့ဒေါင်းချခဲ့ခြင်းများ ကို ဒီဇင်ဘာလ အစောပိုင်းတွင် ပယ်ဖျက်ပစ်လာခဲ့သည်။

 

ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်ဂိတ်တံခါးများကို ပြန်ဖွင့်ပေးတော့မည် ဖြစ်ပြီး ပြည်ပမှ ဝင်ရောက်လာသူများလည်း ကွာရန်တင်း လုပ်ဖို့ မလိုတော့ပေ။ ခရီးသည်တင် လေယာဉ် လိုင်းများကို တိုးချဲ့ ခွင့်ပြုတော့မည် ဖြစ်သည်။ ဗီဇာကိုလည်း တိုးရစ်များအတွက် ထုတ်‌မပေးသေးသော်လည်း အလုပ်ကိစ္စဖြင့် ရောက်လာသူများ၊ ကျောင်းသားများကို ခွင့်ပြုတော့မည်ဖြစ်သည်။ ၎င်းတို့နိုင်ငံသားများ အားလည်း အကြောင်းပြချက် ပေးစရာ မလိုတော့ပဲ ပြည်ပသို့ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။

 

သို့သော် တရုတ်ပြည်တွင်း အခြေအနေများကြောင့် အိန္ဒိယ နှင့် ဂျပန်ကဲ့သို့ နိုင်ငံများက ကိုဗစ် ကင်းရှင်းကြောင်း အထောက်အထား ပြသရန် တောင်းဆိုလာပြီ ဖြစ်သည်။ တရုတ်သည် လအနည်းငယ် အတွင်းမှာပင် ကိုဗစ် ဖြစ်ပွားမှု နှုန်း မဆိုသလောက်သာ ရှိခဲ့သည့် အဆင့်မှ ကမ္ဘာတွင် ဖြစ်ပွားမှု နှုန်း အများဆုံးဖြစ်ပွား နိုင်သည့် နေရာအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

 

လက်ရှိတွင် တရုတ်နိုင်ငံသား မည်မျှ အထိ ကူးစက်နေပြီလဲ ဆိုသည်ကို သိရှိရန် ခက်ခဲနေသည်။ အစိုးရမှ တနေ့လျှင် ထောင်ဂဏန်းမျှ ကူးစက်နေသည်ဟု ထုတ်ပြန်နေသော်လည်း အမှန်တရား နှင့် ကင်းကွာနေပြန်သည်။ အချို့ပြည်နယ် အစိုးရများ၏ စာရင်းဇယားများက ပို၍ နီးစပ်မှု ရှိနေသည်။ တရုတ်ပြည် အရှေ့ပိုင်း ရှိ ကြွယ်ဝချမ်းသာပြီး လူဦးရေ ၆၅ သန်း ရှိ ရှူဂျန်း ပြည်နယ် အရာရှိများ၏ ခရစ်စမတ်နေ့ တွင် ပြောဆိုခဲ့မှုများအရ ကူးစက်မှု နှုန်းသည် တနေ့လျှင် တသန်းခန့် ရှိနေသည်၊ ထိုနှုန်းသည် တရုတ် နှစ်သစ် ကူး ရက်များ တဝိုက်တွင် နှစ်ဆခန့် တိုးမြင့် လာနိုင်သည်ဟု သိရသည်။

 

တရုတ်နိုင်ငံသား အများစုသည် ကိုဗစ် ကူးစက်ခံရမှု မရှိကြသေးသည့်အပြင် အသက်အရွယ် ကြီးရင့်သူများသည်လည်း ကာကွယ်ဆေး မထိုးရသေးသူ အများအပြား ရှိနေသည်။ ထို့အတွက် ရောဂါ လက္ခဏ ပြင်းထန်ခြင်း မရှိသည့် အိုမီကရွန် ဗိုင်းရပ်စ်မျိုးကွဲကိုပင် တရုတ်တို့ အပြင်းအထန် ခံခဲ့ကြရသည်။ နဂိုကတည်းက အားနည်းနေခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍသည်လည်း မနိုင်ဝန်ကို ထမ်းလာခဲ့ရသည်။ ဘီဂျင်းရှိ ဆေးရုံတရုံ၏ စင်္ကြန်လမ်းတလျှောက် အောက်စီဂျင် တွန်းလှည် ကြီးများ ဖြင့် အသက်ကို ရှုရှိုက်သွင်းနေရသည့် သက်ကြီးရွယ်အိုများ နှင့် ပြည့်နှက်နေသည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယို ဖိုင်များ တွင် ထိုသို့သော မြင်ကွင်းမျိုး တရုတ်နိုင်ငံ အနှံ့အပြားတွင် တွေ့လာခဲ့ရသည်။ မြို့ငယ်လေးများရှိ ဆေးရုံများတွင် ကုတင် မလုံလောက်၍ လူနာများကို လက်မခံနိုင်ပဲ ပြန်လွှတ်နေရသည် ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

 

ဆေးရုံ အရေးပေါ်ကုသခန်း များ အရည်အတွက်သည် ပျမ်းမျှခြင်းအားဖြင့် လူတသိန်း တွင် ကုတင် ဆယ်လုံးခန့်သာ ရှိနေ၍ လိုအပ်နေသည်ထက် များစွာ လျော့နည်းနေသည့် အပြင် ဆေးဝန်ထမ်းများလည်း လိုအပ်နေပြန်၍ အချို့ဒေသများ တွင် မရှုနိုင် မကယ်နိုင်သည့် အနေအထား ရောက်နေသည်ဟု ကျန်းမာရေး အရာရှိတဦး မှ ဆိုသည်။

 

ကိုဗစ် ကုသရေးတွင် သုံးသည့် ဆေးဝါးများလည်း အလုအယက် ဝယ်ယူနေကြ၍ ပြတ်လတ်ကုန်သည်။ ဆေးဆိုင်များ တွင် အဖျားပျောက်ဆေး နှင့် အကိုက်အခဲ ပျောက်ဆေးများ ဝယ်၍ မရတော့သည့် အနေအထား ဖြစ်လာနေသည်။ ဈေး များလည်း တက်ကုန်၍ ဆေးရုံ အတော်များများတွင် မလုံမလောက် ဖြစ်လာသည်။ အထူးသဖြင့် တုတ်ကွေး ပျောက်ဆေး ဖြစ်သည့် Paxlovid အား မည်သို့မျှ ရှာမရ ဖြစ်လာ၍ ပြည်ပ မှ တရားမဝင် နည်းမျိုးစုံဖြင့် မှာယူ နေကြရသည်။

 

အစိုးရမှ တရားဝင်ထုတ်ပြန်သော စာရင်းအရ ဒီဇင်ဘာလ အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၃ ဦးသာ ရှိသည်ဟု ဆိုသည်။ ယင်းသည် မည်သို့မျှ ယုံနိုင်ဖွယ် မရှိသည့် အရေအတွက် ဖြစ်နေသည်၊ တရုတ်သည် အသက်ရှုကျပ်ခြင်း နှင့် နမိုးနီယား ကြောင့် သေဆုံးသူများကိုသာ ကိုဗစ် စာရင်းထဲ ထည့်သွင်းခဲ့သည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ်တွင်း ရှိ အင်္ဂါအစိတ်အပိုင်း များ ချို့ယွင်း၍ သေဆုံးသူများ ကိုမူ စာရင်းထဲ ထည့်သွင်း ဖေါ်ပြခြင်း မရှိပေ၊ ဗြိတိန်တွင် ကိုဗစ် လက္ခဏာ တွေ့ရှိပြီးနောက် သေဆုံးသူ မှန်သမျှ ကို စာရင်းထဲ ထည့်သွင်းခဲ့သည်။

 

တရုတ်၏ မီးသင်္ဂြိုလ်စက်များသည်လည်း လက်မလည်နိုင်အောင် ဖြစ်လာနေသဖြင့် ဘီဂျင်းတွင် သတင်းထောက်များ မဝင်နိုင်အောင် ရဲ အစောင့်အရှောက်ပင် ချထားခဲ့ရသည်။

 

ယခုလ အစောပိုင်းတွင် လန်ဒန် ရှိ Airfinity ဒေတာ စုဆောင်းသည့် စင်တာမှ တရုတ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တနေ့လျှင် ငါးထောင်ခန့် ရှိနေသည်ဟု တွက်ချက် ထုတ်ပြန်ခဲ့သည်။

 

အခြားနိုင်ငံများကဲ့သို့ပင် တရုတ်တွင်လည်း ကာကွယ်ဆေးသည် လူအသေအပျောက်နှုန်းကို လျော့ချနိုင်ရန် အကောင်းဆုံးလက်နက် ဖြစ်နေသည်။ တရုတ်ကာကွယ်ဆေး သုံးကြိမ်ထိုးဖူးသူတိုင်း ပြင်းထန်သော ရောဂါ ခံစားရမည့် ဘေး နှင့် သေဆုံးမည့် ဘေးမှ ကာကွယ်နိုင်စွမ်း ရှိနေသည်။ သို့သော် နိုဝင်ဘာလ ကုန် စာရင်းဇယားများအရ အသက် ၈၀ ကျော် သက်ကြီးရွယ်အိုများ၏ ၄၀ ရာနှုန်းသည်သာ ကာကွယ်ဆေး သုံးကြိမ်ထိုးထားပြီးသား ဖြစ်နေသည်။ အချို့က ထိုးပြီးသည်မှာ ကာလ အတော် ကြာနေပြီ ဖြစ်၍ ခုခံအား ကျဆင်းသွားခဲ့သည်။ တရုတ်သည် ကာကွယ်ဆေး ထိုးပေးသည့်နှုန်းကို အရှိန်မြှင့်တင်လာခဲ့ပြီး ယခင် တရက်လျှင် တသန်းခန့်မှ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သုံးသန်းခန့်အထိ ထိုးပေးလာခဲ့သည်။

 

တရုတ်သည် ယခုလို ဖြစ်လာမည့် အရေးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့မှုမျိုး မရှိပေ။ တရုတ် အစိုးရသည် ၎င်းတို့ အား ဝေဖန် ခံရမည် စိုး၍ ဇာတ်ထုတ် အသစ် ဖန်တီးလာခဲ့သည်။ ဗိုင်းရပ်စ်အားလည်း ယခင် နိုဗဲ ကော်ရိုနာ နမိုးနီးယား မှ ပို၍ ပျော့သည့် နိုဗဲ ကော်ရိုနာ ကူးစက်မှု ဟု အမည်ပြောင်း ခေါ်ဝေါ်လာခဲ့သည်။

 

ထိုသို့ ဖြစ်လာခဲ့မှု တွင် အဓိက တာဝန်ရှိသူသည် တရုတ် ခေါင်းဆောင်ကြီး ရှီကျင့်ပင် ပင် ဖြစ်သည်။ ဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်နေဆဲကာလ တွင် ၎င်းအား ကိုဗစ် အပေါ် ပြည်သူ ခုခံစစ် ၏ စစ်သေနာပတိချုပ်ဟု အမွှန်းတင်လာခဲ့ကြသည်။ ရှီ သည် မကြာခဏ ဆိုသလို ထိုသို့ အခေါ်ခံနေရမှု မေ့ပျောက်မသွားစေရန် လက်ရှိ ဇီးရိုး ကိုဗစ် အနေအထား ကို ထိန်းထားဖို့ မည်မျှ အရေးကြီးကြောင်း တဖွဖွ ပြောနေခဲ့သည်၊ သို့သော် ယခုလို မြင့်တက်လာချိန်တွင်တော့ အသံတိတ်နေပြီး ဖြစ်ပျက်နေမှုများကို မပြောမဖြစ်မှသာ စောင်းပါး ရိပ်ခြည် ထည့်ပြောမှုမျိုးသာ ရှိတော့သည်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် “ရောဂါ ကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး တွင် ဖြစ်ပေါ်လာသော အခြေအနေသစ်များကြောင့် တာဝန်အသစ်များ တိုးလာပြီ” ဟူ၍သာ ရှီ က လျော့လျော့ပေါ့ပေါ့ ပြောလာခဲ့သည်။

 

ကူးစက်မှုနှုန်း အမြင့်ဆုံး အချိန်ဖြစ်သည့် ဒီဇင်ဘာ အစောပိုင်း ကာလများတွင် ဘီဂျင်း နှင့် ရှန်ဟိုင်း မြို့ကြီးများတွင် သုဿန်တစပြင်အလား လူသူကင်းမဲ့နေခဲ့သည်။ ရောဂါ ကူးစက်မှု မပြီးဆုံးသေးသော်လည်း ယခုအခါ လမ်းပေါ်သို့ လူများ တဖြေးဖြေး ထွက်စပြုလာနေပြီ ဖြစ်သည်။

 

လာမည့် တရုတ်နှစ်သစ်ကူး မတိုင်မီ သီတင်းပတ်များ အတွင်း သန်းပေါင်းများစွာသော မြို့နေလူထု သည် မွေးရပ်မြေ အသီးသီး သို့ ပြန်ကြမည့်အရေး ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွင် မည်ကာမတ္တာမျှသာ ရှိသော ကျေးလက် ဒေသများ သို့ မလွှဲမသွေ ပျံ့နှံ့လာတော့မည် ဖြစ်သည်။ ထိုအခါတွင်တော့ ဗိုင်းရပ်စ် ကူးစက်ခံရမှုသည် ဒီရေအလား တရိပ်ရိပ် တက်လာဖို့ သာ ရှိ၍ တရုတ် မှ မည်မျှအထိ ကာကွယ်နိုင်မည်ကို လက်တွေ့ ကျကျ သိရှိနိုင်တော့မည် လည်း ဖြစ်သည်။

 

(ဒီဇင်ဘာ ၂၈ ရက်၊ အီကော်နော်မစ် မဂ္ဂဇင်း ပါ “Opening the Floodgate” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)