နှစ်သစ် ဆုတောင်း

by Hla Soewai - Jan 02 2023

မနေ့က နိုင်ငံတော် အတိုင်ပင်ခံ အား နောက်ဆုံး စွဲဆိုထားသည့် နိုင်ငံတော် ပိုင် ငွေ ဖြင့် ရဟတ်ယာဉ် ဝယ်ယူ သည်ဆိုကာ ထောင် ခုနှစ် နှစ် ချလိုက်သည့် သတင်းကြောင့် စိတ်များ အနည်းငယ် ညစ်ညူး သွားရသည်။

 

ကျွန်တော့် စိတ်ထဲတွင် လည်း မြန်မာ တမျိုးသားလုံး နယူးရီးယား တွင် မျှော်လင့်ချက် အသစ်များ နှင့် လန်းဆန်း တက် ကြွနေမည့် အရေး ကို ဦးနှိမ်လိုက်ခြင်းပင် ဖြစ်သည်ဟု ထင်လာမိသည်။ တိုင်းပြည်အတွက် အနစ်နာခံပြီး သူမ၏ ဘဝကို မြှုပ်နှံ ထားခဲ့သည့် ထိုအမျိုးသမီးကြီးသည် ဘာမှ မဟုတ်တော့၊ ရာဇဝင်ထဲတွင် ကျန်ခဲ့ပြီ ဆိုသည်ကို ထပ်မံ သက်သေ ပြနိုင်ရန် တခါဖူးမျှ မလုပ်ခဲ့ဖူးသည့် နယူးရီးယား နှစ်သစ် ကူး ပါတီ များ ချိန်ကိုက် ပြုလုပ် ကျင်းပလာကြခြင်းပင် ဖြစ်သည်။

 

ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အား ယခုလို ထောင် ၃၃ နှစ် အထိ ချလိုက်သော်လည်း မြန်မာ ပြည်သူ များ က မည်သို့မျှ မနေ၊ စိတ်လည်း မဝင်စားတော့၊ သူမ အား ပြန်လွှတ်ဖို့ တောင်းဆိုနေမှုများသည် အချည်းနှီးသာ ဖြစ်မည် ဟု ပြသနိုင်ဦးမည်လည်း ဖြစ်သည်။

 

လက်ထဲက ဖုန်းထဲမှ ဖတ်လက်စ အိန္ဒိယ သတင်းတပုဒ်ကို ဆက်ဖတ်လိုက်သည်။

 

မြန်မာ တို့၏ ဒီမိုကရေစီ အချစ်ရေးကား တိုတောင်းသော ကာလ အတွင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်၍ လူထုသည် ၎င်းတို့ တသက်လုံး လျှောက်လာခဲ့၍ ခြေရာချင်း ထပ်နေပြီ ဖြစ်သော အာဏာရှင် လမ်းမ ကြီးပေါ် တဖန် ပြန်လျှောက်ကြရပေဦးမည်။

 

ထိုလမ်းတွင် ပြည်သူတို့ အတွက် ဒီမိုကရေစီ လေကောင်း လေသန့် ဟူ၍ တစွန်းတစပင် ရှူရှိုက်၍ ရမည် မဟုတ် ဆိုသည်ကိုလည်း သူတို့ သိထားကြသည်။ ယခုပင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆို နေသည့် ကြားမှ တရားမျှတမှု တစက်တလေးမျှ မရှိသည့် တရားခွင် ဖြင့် သူမအား နောက်ထပ် ထောင် ခုနှစ် နှစ်ပင် ချလိုက်၍ စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီ အရေးကို ခေါင်းထဲပင် ထည့်မည် မဟုတ်၊ ဒီမိုကရေစီ ခေါင်းစဉ်တပ်ပြီး အလိမ်အညာ များ နှင့် ရွေးကောက်ပွဲ လုပ်ပြီး အုပ်ချုပ်သွားဖို့သာ ဖြစ်သည်။

 

ယခုကိစ္စက အကွက်ချ ကြိုတင်စီမံထားခြင်းသာ ဖြစ်သည်ဟု ဆိုချင်သည်။ ယခုလို အပြီးသတ် အမိန့်ကို နယူးရီးယား နှစ်ကူး မတိုင်မီ ရည်ရွယ်ချက် ရှိရှိ ချမှတ်လိုက်ပြီး လူထု သည် ထိုအရေးကို မည်သို့မျှ ဂရုမစိုက် ပျော်ပွဲ ရွှင်ပွဲ များ ကျင်းပနေကြ သည်ဟု ကမ္ဘာကို ပြသနိုင်ဖို့ အရေးကြီးနေသည်။ ထိုအတွက် ညမထွက်ရ အမိန့်ကိုပင် တညတာ ဖျက်သိမ်းပေး လာခဲ့သည့် အထိပင်။

 

ထိုသို့သော ပွဲမျိုးကို ကျွန်တော်တို့ သွားဖို့သင့်လား၊ ကျွန်တော်တို့ အတွက် များစွာ လုပ်ပေးခဲ့ရှာသော နိုင်ငံတော် အတိုင်ပင်ခံ အတွက် ဝမ်းနည်းကြောင်း ပြသသည့် အနေဖြင့် အိမ်တွင် တညတလေ မနေသင့်ပေဘူးလား။

 

ကျွန်တော် တောင်းဆိုတာ လွန်ကျွံ သွားပါလား။

 

၂၀၂၃ သည် တော်လှန်ရေး အတွက် အဓိပ္ပါယ် ပြည့်ဝသည့် နှစ် အဖြစ် ရောက်စေလိုသည် ဆိုလျှင် ယခုတည်းက အားလုံး ကိုယ်နိုင်ရာ တာဝန်ကို ထမ်းရွက်သင့်သည် မဟုတ်ပါလော။

 

ဤသည်က ၂၀၂၃ အတွက် ကျွန်တော်၏ ဆုတောင်း ပင် ဖြစ်သည်။

 

၂၀၂၃ တွင် ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် အောင်ရမည်!!!